Friday, December 16, 2011

အလွမ်းရဲ့ည




မ.ရေ..
အဲဒီ ခံစားချက်လေးကို ပြောပြချင်သေးတယ်..သိလား၊
အလွမ်းရဲ့ ညတဲ့။ အမည်လေးက မောင်... တင်စားလိုက်တာ..၊ ပိုတောင် ပိုဦးမယ်။
မ... မှတ်မိဦးမယ်။ စံတော်ချိန် (ညဘက် ၁၀း၀၀)နာရီလေ...
မ.လည်း ဒီအချိန်လေးကို အရမ်း လွမ်းဆွတ်တသ နေမှာ...

မောင်... သိတာပေါ့။ မ.နဲ့ တွေ့ဆုံပြီးတဲ့ နောက်ပိုင်း တစ်ရက်မပျက် မ.ဆီကို မောင်ဖုံးဆက်ခဲ့တာလေ...
ပြီးတော့ ကြည်နူးစရာ၊ ပျော်ရွှင်စရာ စကားလေးကို ပြောနေကြပေါ့...
အမှန်အတိုင်း ပြောရရင် မောင့်အတွက်က မဆီကို ဖုံးဆက်စကားပြောဖို့ မလွယ်ကူတဲ့ အလုပ်ပါ။
ဘာကြောင့်လဲဆိုတော့ ဖုံးခ မတတ်နိုင်လို့ပေါ့။ ဖုံးကလည်း ပြောတောင် မပြောရသေးဘူး။ ထည့်ထားတဲ့ ဖုံးခ အနည်းငယ်က ကုန်ဖို့အတွက် အချက်ပေးနေပြီလေ...

အဲဒီတော့ မ.က မောင့်ကို နွဲ့ဆိုးလေး ဆိုးသေးတယ်... မှတ်မိသေးလား..
မရဘူးကွာ... စကားပြောလို့တောင် မ၀သေးဘူး။ ပြန်ခေါ်”တဲ့..
မ.ရဲ့ နွဲ့ဆိုးဆိုးတဲ့ အသံလေးက မောင် ဘယ်လိုမှ အားတင်းထားလို့ မရပါဘူး။ မဖြစ်ဖြစ်အောင် ပြန်ခေါ်ခဲ့ရတာ ချဉ်းပဲနော်။ အဲဒီလောက်ထိ မောင်က မ.ကို ချစ်တာ။
မ.နဲ့ မောင် ဖုံးစကားပြောတဲ့အခါတိုင်း မက ချဉ်းပြောတာ များတယ်နော်...
ဒါပေမယ့် မောင့်အတွက်တော့ အဖိုးမဖြတ်နိုင်တဲ့ စကားတွေကိုပဲ မ.ပြောဖြစ်တယ်...

မောင် မှတ်မိနေသေးတယ်။ လူတစ်ယောက်ဟာ ဘယ်လို နေရတယ်၊ ဘယ်လို စားရတယ်ဆိုတာက အစ၊ နောက်ဆုံး စိတ်ဓာတ်ကို ဘယ်လို မြင့်မြင့်မားမား ထားရတယ်ဆိုတာတွေ အဆုံး မောင့်ကို ဆုံးမ ထားခဲ့တာလေ။ မှတ်မိသေးတယ်။ အစပထမဦးဆုံး စကားပြောတဲ့ အချိန်တုန်းက မောင့် အသံကို အားနည်းတယ်လို့ မ ဝေဖန်ခဲ့ဘူးတယ်။ ပြီးတော့ မ.ပြောတယ်။ ယောက်ျားလေးတစ်ယောက်ရဲ့ အသံဟာ သြဇာရှိတဲ့ အသံ ဖြစ်ရမယ်လို့ မ. မောင့်ကို အကြံညာဏ်ပေးခဲ့ဘူးတယ်။

တစ်နေ့တုန်းကလည်း မ. က ဆရာကောင်းသန့်ရဲ့ စာအုပ်လေးတွေအကြောင်း မောင့်ကို ပြောပြတယ်။ သမီးလေးဖတ်ဖို့တို့ ၊ ချစ်သူဖတ်ဖို့တို့ စာအုပ်လေးတွေ အကြောင်း ပြောပြတယ်...။ အဲဒီအချိန်လေးမှာ မောင်စိတ်ထဲမှာ မ.ကို နောက်ချင်စိတ်လေးတွေ ပေါ်လာခဲ့တယ်။ ဒါကြောင့် မ.ကို မောင် ရုတ်တရက် နောက်လိုက်တယ်...
မ.ရယ် ၊ ယောက္ခမကြီးဖတ်ဖို့ ဆိုတဲ့ စာအုပ် မထွက်သေးဘူးလားလို့ ...
အဲဒီလို လှမ်းနောက်လိုက်တော့ ရုတ်တရက် ကောက်ကာငင်ကာ မ ငြိမ်သက်သွားတယ်။ ပြီးတော့ ရုတ်တရက် ကောက်ကာငင်ကာ မ.အရမ်း ပေါက်ကွဲသွားတယ်... အရမ်းဒေါသထွက် သွားတယ်..
ပြီးတော့ မောင့်ကို အသံမာမာနဲ့ မ.ပြောလိုက်တယ်လေ...

မှတ်ထား၊ တစ်သက်လုံး မှတ်ထား၊ စကားအကောင်းပြောရင် ဘယ်တော့မှ မနောက်ပြောင်ရဘူးလို့ မ. မောင့်ကို စိတ်ဆိုးဆိုးနဲ့ ပြောခဲ့တာလေ...။ မောင်လည်း ရုတ်တရက် ဘာပြန်ပြောရမှန်း မသိအောင် တွေဝေ တိတ်ဆိတ်သွားတယ်။ တော်တော်လေးလည်း စိတ်မကောင်းဖြစ်သွားမိတယ်။ မောင်က မ.ကို ပျော်စေချင်လို့ နောက်လိုက်ပါတယ်။ မ.အတွက်ကြတော့ စိတ်ဆိုးစရာ ဖြစ်သွားတယ်.
မောင်ရော မ.ရော နှစ်ယောက်စလုံး တိတ်ဆိတ်သွားလိုက်ကြတာနော်...

ပြီးတော့မှ မောင့်ကို မ.က လေပြေလေးနဲ့ ဆုံးမစကားပြန်ပြောတယ်...
အဲဒီလိုနဲ့ မောင်နဲ့ မနဲ့ ကြားမှာ အမှတ်တရလေးတွေ အများကြီး ခြေရာကျန်နေခဲ့တယ်နော်...
လွမ်းတယ် မ.ရယ်၊ ဆွေးတယ်၊ ကောင်းကင်ကို မော့ကြည့်လိုက်တဲ့ အခါတိုင်း မလင်းတလင်း ကြယ်စင်လေးတွေ သောကြာကြယ်လေး အကြောင်းတွေ ၊ ခမောက်ကြယ်လေးအကြောင်းတွေကို မ.နဲ့ မောင် ပြောဖြစ်ကြတယ်နော်။

လပြည်ညတိုင်းမှာ ပြည့်ဝင်းနေတဲ့ လမင်းကြီးကို ငေးကြည့်ရင်းနဲ့ ကောင်းကင်နဲ့ မြေကြီးအဖြစ် တစ်ယောက်ကို တစ်ယောက် တင်စားဖြစ်ခဲ့ကြတာ... မောင်က မ.ကို ကောင်းကင်လို့ တင်စားတော့ မ.က လက်မခံဘူးလေ... မောင်က ကောင်းကင်ပါတဲ့။ မ.က မြေတဲ့။ ကောင်းကင်က ကမ္ဘာမြေကို ကြင်နာစွာ စိုက်ကြည့်နေတာတဲ့။ ကမ္ဘာမြေကတော့ ကောင်းကင်ကို လေးစားအားကိုစွာ မော့ကြည့်နေတာတဲ့... ဒါကြောင့် မောင်က ကောင်းကင်ကြီးဖြစ်ပြီး မ.ကတော့ ကောင်းကင်ကို မော့ကြည့်နေတဲ့ ကမ္ဘာမြေပါလို့ မ. မောင့်ကို ပြောခဲ့တယ်။

မ...ရေ
တကယ်တော့ ဒီအချိန်လေးတွေကို ရောက်ရင် ပိုလို့တောင် လွမ်းဆွတ်တမ်းတ သတိယနေမိသေးတယ်။ မောင် စိန်ဝင်း( ပုတီးကုန်း)ရဲ့ ကဗျားလေးထဲကလိုပေါ့... ချစ်သူသိလေ ...
သတိရလျှင်၊ ဒေသအကွာ၊ နေရတာကွဲ၊ ဘယ်လိုခွဲခွာ၊ ဘယ်လောက်ကွာမလဲ၊ ဘယ်မှာဖြစ်ဖြစ်၊ တွယ်တာရစ်ငင်၊ ထာဝရထင်သော၊ ရင်ထဲအရိပ်၊ စွဲလန်းစိတ်ဖြင့်၊ အိပ်မက်တိုင်းမှာရှိနေသူ ...တဲ့ ။

အရမ်းကောင်းတဲ့ ကဗျာလေးနော်။ ရင်ထဲကို အရမ်းထိတယ်။ ဟုတ်တယ်လေ။ မ.နဲ့ မောင်နဲ့ နေရာဒေသတွေ ဘယ်လောက်ဝေးဝေး၊ တစ်ယောက်နဲ့ တစ်ယောက် နီးစပ်နေပါတယ်။ မ.ရင်ထဲမှာ မောင်၇ှင်သန်နေသလို မောင့်နှလုံးသားထဲမှာလည်း မ.က ထာဝရ လွမ်းမိုးနေတယ်နော်...

မ... ရေ၊
မ. ပြောနေကျ စကားသံလေးတွေ ၊ မ. ရဲ့ သွန်သင်ဆုံးမ စကားလေးတွေကို အမြဲထာဝရ ကြားယောင်နေရင်း မနက်ဖြန်ပေါင်း များစွာကို အဓိပ္ပါယ်ရှိတဲ့ ခြေလှမ်းပေါင်းများစွာနဲ့ ခ၇ီးဆက်နေတယ်နော်။ ယုံကြည်ပါလို့ ထပ်ပြီး စကားမဆိုပေမယ့် မ.ယုံကြည်ရတဲ့ ယောက်ျားကောင်း တစ်ဦး ဖြစ်စေရမယ်လို့ ဂတိပေးပါတယ် မ.ရယ်။
ကောင်းကင်ကို မော့ကြည့်လိုက်တဲ့ အခါ မ.ကိုပဲ မြင်ယောင်နေမိတယ်...။ မျက်လုံးကို အသာလေး မှိတ်လိုက်တဲ့ အခါ နားထဲမှာ မ.ရဲ့ အသံလေးကို ပြန်လည် ကြားယောင်လာမိတယ်...
မ...ရေ ၊ အမြန်နေကောင်းပါစေလို့ ဒီညလေးမှာ မောင် ဆုတောင်းပေးလိုက်ပါတယ်.........


မ . အရမ်းချစ်မြတ်နိုးတဲ့....
မရဲ့မောင်(789)