Monday, December 19, 2011

အချစ်နဲ့ ငွေကြေး...



ကျွန်တော် သိတ်ချစ်တဲ့ မ.နဲ့ ကျွန်တော်နဲ့ ကြားထဲတွင် ပြောပြ၍ မကုန်နိုင်သော အမှတ်တရပေါင်း များစွာ ရှိနေခဲ့ပါသည်။ ထိုအမှတ်တရ များသည် အင်မတန် ကြည်နူးစရာကောင်းသော အင်မတန် လှပသော အင်မတန် စွဲဆောင်နိုင်စွမ်းသော အမှတ်တရများပင် ဖြစ်ပါသည်။ ကျွန်တော်နှင့် မ.ကြားတွင် လုံးဝ မတူညီနိုင်သော ကွာဟမှု့ တစ်ခုရှိပါသည်။ ထိုအရာမှာ မ. သည် အလွန် အင်မတန် ချမ်းသာကြွယ်ဝ ပြည့်စုံသော အင်မတန် အဆင့်အတန်းရှိသော အင်မတန် ယဉ်ကျေးသိမ်မွေ့ သလောက် အင်မတန် ဘာသာတရား ကိုင်းရှိုင်းသော အမျိုးသမီး တစ်ဦး ဖြစ်ပါသည်။

ကျွန်တော်၏ ဘ၀တွင် မနှင့်လုံးလုံး ဆန့်ကျင်ဘက် ဖြစ်သည်။ မ.သည် ချမ်းသာကြွယ်ဝ ပြည့်စုံသလောက် ကျွန်တော်၏ ဘ၀ကတော့ အင်မတန် ချို့တဲ့ပါသည်။ မသည် ခေတ်ပညာတတ် ထက်မြက်သော မိန်းကလေး တစ်ယောက် ဖြစ်သလောက် ကျွန်တော်ကတော့ လေးတန်းတောင် မအောင်သော ပညာ ချို့တဲ့သူ တစ်ယောက်ပင် ဖြစ်ပါသည်။ မ.သည် အင်မတန် ယဉ်ကျေးသိမ်မွေ့သလောက် ကျွန်တော်ကတော့ စောင်ကြွားကြွား ဂျစ်ကန်ကန်နိုင်သော လောကကြီးကို အမြဲတမ်း အလိုမကျ ဖြစ်နေသော လူသားတစ်ဦး ဖြစ်ပါသည်။

တစ်ခု ထူးဆန်းသည်မှာ ထိုကဲ့သို့ မိုးနှင့်မြေပမာ အစစအရာရာ ကွာခြားလွန်းလှသော အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးသည် တစ်ယောက်ကို တစ်ယောက် နက်နက်ရှိုင်းရိုင်း ချစ်မိကြ၍ တစ်ယောက်ကို တစ်ယောက် မမြင်ရလျှင် မနေနိုင်လောက်ပင် သံယောဇဉ် ဖြစ်မိကြသည်။ မြင်လျှင်မြင်ခြင်း ရှေ့ရေစက်ရှိသူများပမာ ဟန်ဆောင်မှု့ကင်းစွာ မာယာကင်းစွာ ချစ်သူနှစ်ဦး ဘ၀သို့ မြန်မြန်ဆန်ဆန် ရောက်ရှိခဲ့ခြင်းပင် ဖြစ်သည်..

ချစ်သူများဖြစ်ပြီးသည့်နောက်ပိုင်း မ.သည် ကျွန်တော့်ကို မောင်လို့ ခေါ်ခဲ့၍ ကျွန်တော်ကတော့ မ.ဟူ၍ပင် မြတ်မြတ်နိုးနိုးလေး ခေါ်တွင်ခဲ့ခြင်းပင် ဖြစ်ပါသည်။ မ.တွင် အင်မတန်လေးစားစရာ ကောင်းသော စိတ်ဓာတ်များရှိနေခဲ့ပါသည်။ အားကျစံနမူနာ ယူချင်စရာ ကောင်းသော နှလုံးသားတစ်ခု ကိန်းအောင်းနေခဲ့ပါသည်။ ထိုစိတ်ဓာတ်မှာ အမှန်တရားကို မြတ်နိုးခြင်းနှင့် လူတန်းစား မခွဲခြားခြင်းနှင့် အရာရာကို အလေးအနက်ထားတတ်သော စိတ်ဓာတ်ပင် ဖြစ်ပါသည်။

မ.သည် မည်သည့်အခါမျှ ပေါ့ပေါ့ဆဆ မနေတတ်သကဲ့သို့ စကားပြောသည့်အခါများတွင်လည်း လေးလေးနက်နက် ပြောဆိုလေ့ ရှိပါသည်။ ထိုအတူ ကျွန်တော်ကိုလည်း လေးလေးနက်နက် ပြောဆိုမှ ကြိုက်ပါသည်။ အဆင့်အတန်းကို လုံးဝ ခွဲခြားသော စိတ်ဓာတ် မရှိသကဲ့သို့ သူမထက် အရာရာ နိမ့်ကျသော ကျွန်တော့်ကိုလည်း လေးလေးစားစား မြတ်နိုးစွာ ချစ်ခင်ခဲ့ပါသည်... ထိုကဲ့သို့  မိုးနှင့် ပြေပမာ ကွာခြားလွန်းလှသော မ.ကို ကျွန်တော်သည် မိုးကောင်းကင်နှင့် တင်စားခဲ့တဲ့နေ့က ကျွန်တော့်စကားကို လုံးဝ လက်မခံခဲ့ပေ။ လက်မခံယုံမျှ မက ကျွန်တော့်ကိုပင် မောင်က ကောင်းကင်ကြီး၊ မကတော့ မြေကမ္ဘာပေါ့ မောင်ရယ်ဟုပင် ကျွန်တော့်ကို တင်စားပေးထားခဲ့သေးပါသည်။ ထိုမျှလောက် မ.သည် ကျွန်တော့်ကို ချစ်မြတ်နိုးခဲ့ပါသည်။

မှတ်မှတ်ရရ...
ထိုနေ့လေးကို ကျွန်တော် ကောင်းကောင်း မှတ်မိနေခဲ့ပါသည်။ အဲဒီနေ့က ကျွန်တော် အလုပ်မသွားနိုင်ခဲ့တဲ့ နေ့ ဖြစ်ပါတယ်။ ကျွန်တော်က သူဋ္ဌေတစ်ဦးရဲ့ ကားကို ပုတ်ပြတ်နဲ့ ငှားပြီး မောင်းတဲ့သူတစ်ယောက် ဖြစ်တယ်။ အလုပ်သမားတွေကို အလုပ်ရုံမှ အိမ် ၊ အသွားအပြန် ပို့ဆောင်ပေးရတယ်။ နောက် ဟိုနားဒီနားက ကားငှားရင်တော့ လိုက်ပေးပါတယ်။ အဲဒီလို အလုပ်အကြောင်းကို မ.ကို ကျွန်တော် ပြောပြတော့ မ.က ကျွန်တော့်ကို နားလည် သိတတ်စွာနဲ့ ဒီ အလုပ်ဟာ ရိုးသားတဲ့ အလုပ်တစ်ခုပဲ မောင်ရဲ့။ မ.ကတော့ ကြိုက်တယ်။ လျှာမှာ အမွှေးပေါက်နေရင်တောင် မရိုးသားတာကို မလုပ်ရဘူး။ ဘ၀ကို ရိုးရိုးသားသား လိပ်ပြာသန့်သန့် နေထိုင်တည်ဆောက်နိုင်ရမယ်။ ဘယ်အချိန်ပဲ ပြန်ကြည့်ကြည့် ကိုယ့်ကိုယ်ကို လိပ်ပြာသန့်သန့်နဲ့ နေထိုင်နိုင်ရမယ်ဟူ၍ပင် အားပေးစကား ပြောခဲ့လေသည်။

မ.နှင့် ကျွန်တော် ချစ်သူတွေ ဖြစ်ပြီးတဲ့ နောက်ပိုင်း မ.ရဲ့ ဖုံးနံပါတ်ကို ကျွန်တော် တစ်ရက်မပျက် ခေါ်ခဲ့ရတယ်။ ဖုံး မဆက်ရရင် မနေနိုင် ဖြစ်လာယုံမျှ မက ၊ မ.ရဲ့ အသံလေးကို မကြားရရင်တောင် အိပ်မပျော်နိုင်လောက်အောင်ကို မ.ကို ကျွန်တော် ချစ်မြတ်နိုးပါသည်။ နောက်ပိုင်းတွင် မည်မျှလောက်အထိ မ.အပေါ် စွဲလန်းချစ်ခင်တဲ့ စိတ်က အစွန်းရောက်လာခဲ့ပါသနည်းဟုမူ ညဘက်တွင်တင် မက နေ့ဘက်များတွင်လည်း အားရင် အားသလို အဆင်ပြေရင် အဆင်ပြေသလို ဖုန်း စကားပြောဖြစ်ခဲ့ခြင်း ပင် ဖြစ်ပ်သည်။

တစ်ခု အခက်အခဲ ရှိသည်မှာ ကျွန်တော်၏ အလုပ်အကိုင် အခြေအနေပင် ဖြစ်သ်ည။ ကျွန်တော့်၏ အလုပ်မှာ ပုံမှန် ၀င်ငွေရှိသော အလုပ် မဟုတ်ပါ။ ပိုက်ဆံ ၀င်ချင်လည်း ၀င်သည်။ မ၀င်ချင်ပါကလည်း လုံးလုံး မ၀င်တတ်ပေ။ ပိုက်ဆံဝင်သော နေ့များတွင်လည်း ကျွန်တော်သည် ရသမျှ ပိုက်ဆံအားလုံးကို ဖုံးထဲသို့ အကုန်လုံး ထည့်လိုက်ပြီး ဖုံးက ပိုက်ဆံ ကုန်တော့မယ်လို့ သတိမပေးမချင်း မ .နှင့် စကားပြောသည်။ မ၏ အသံကို ကြားရသည်မှာ ကျက်သရေ ရှိသည်။ အလွမ်းပြေသည်။ ကျွန်တော်၏ စိတ်ဒဏ်ရာများကို သက်သာစေသည်။ ဖုံးထဲတွင် ထည့်ထားသော ပိုက်ဆံ ကုန်ကာနီးတွင် အချက်ပေးသံ မြည်လာပါက မ.ကို နှုတ်ဆက်သည်။ မ.က ကျွန်တော့်ကို မောင်... မ နားလည်တယ်လို့ ပြန်ပြောတယ်။ အဲဒီလိုနဲ့ ကျွန်တော့်တွင် ပျော်ရွှင်စရာကောင်းသော နေ့ရက်များကို ဖြတ်သန်းခဲ့ရပါသည်။

မှတ်မှတ်ရရ ထိုနေ့တွင် မ.နှင့် ကျွန်တော် ညဘက် ဖုံးပြောဖို့ နှစ်ဦးသဘောတူထားသည်။ မောင်ရေ... ညဘက် မောင့်ဆီက ဖုံးမျှော်နေမယ်နော်လို့ ပြန်ကာနီး ပြောသွားသေးသည်။ ဖြစ်ချင်တော့ အဲဒီညက ကျွန်တော် မဆီကို ဖုံးဆက်ဖို့ ပိုက်ဆံ တစ်ပြားမှ မရှိပေ။ တော်တော်လေး အခက်တွေ့သည်။ ပိုက်ဆံကို အသိများထံတွင် လိုက်ယူကြည့်သည်။ ကံမကောင်းချင်တော့ လုံးဝ ရှာလို့ မရ။ မ . ဆီကို ဖုံးဆက်နေကြ အချိန်ကို ရောက်လာပြီ။ ရင်ထဲတွင် ငရဲတမျှ ပူလောင်လာခဲ့ပြီ။ ပိုက်ဆံ တစ်ပြားမှ မရှိသော နိုကီရာဖုံးလေးကို ဒီအတိုင်း နှိတ်ကြည့်နေမိသည်။ အမှန်က ရောင်တောင်တောင် ကြောင်တောင် တောင် လုပ်မိနေခြင်း ဖြစ်သည်။

နာရီတွေက တဖြေးဖြေး လည်ပတ်နေခဲ့သည်။ တော်တော်လေး စိတ်သောက ရောက်မိနေခဲ့တယ်။ မ. ငါ့ကို သေသေချာချာ မှားထားခဲ့တာ။ မ. ငါ့ကို ဘယ်လို ထင်သွားမလဲ။ မုန်းသွားမလား၊ မလေးမစား လုပ်တယ်လို့များ တွေးနေမလားဟု တစ်ယောက်တည်း တွေးထင်နေမိတယ်။ မ .. မျှော်နေလိမ့်မယ်။ သေချာတယ်။ အဲဒီလို တစ်ယောက်တည်း ထိုင်တွေးလိုက် ၊ စိတ်မကောင်း ဖြစ်လိုက် ဖြစ်နေခဲ့တယ်။ တစ်ချိန်တည်းမှာပင် သူငယ်ချင်းများဆီက ရလို့ရငြား ပိုက်ဆံ လိုက်ရှာနေမိတယ်။ ကျွန်တော် ရှာနေတဲ့ ပိုက်ဆံကလည်း အများကြီး မဟုတ် ။ မ.ထံသို့ စကားလေး တစ်ခွန်းနှစ်ခွန်း လောက်ကလေး ပြော၍ ရလောက်လျှင်ပင် ဖြစ်ပါသည်။ ကံမကောင်းလို့လား၊ မသိ။ ပိုက်ဆံ အနည်းငယ်လောက်ပင် ရှာဖွေလို့ မရနိုင်ခဲ့ပါ။ ထိုညတစ်လုံး ကျွန်တော်သည် စိတ်မကောင်းချင်း များစွာဖြင့် တစ်ညလုံး အိပ်မပျော် ဖြစ်ခဲ့ရလေသည်။

နောက်တစ်နေ့ မိုးလင်းသော အခါတွင် မ.ထံသို့ ဖုံးဆက် ဖြစ်၏။ မ.နှင့် စကားပြောသော မနက်ခင်းပိုင်းလေးတွင် အားလုံး အစအစအရာရာ အဆင်ပြေသည်။ မ.က ပုံမှန်အတိုင်း ပင် ဖြစ်လေသည်။ လုံးဝ စိတ်ဆိုးစိတ်ကောက် သည့် အမူအရာ မပြ။ စကားကောင်းကောင်းပင် ပြန်ပြောခဲ့လေသည်။ နေ့လည်ဘက်သို့ ရောက်သောအခါတွင်မှ မ.ရင်ထဲက စကားအမှန်များကို ကြားခွင့်ရလေသည်။

မ..တကယ်ဝမ်းနဲတယ်။ ဘာဘဲဖြစ်ဖြစ်(၃)စက္ကန့်လောက်..ဖုံးကိုအရင်ပြောသင့်တာပေါ့...
ဟုတ်ကဲ့ပါ။ မောင် တောင်းပန်တယ်နော်... မရယ်
မ.က မောင်ကိစ္စရှိလို့ နေမှာပါလေ။ ပြီးရင်သူဆက်မှာဘဲလို့ ယုံကြည်ခဲ့တာ
တစ်ခါတစ်လေ လိုင်းမရရင် မ ဘယ်လို လုပ်မလဲနော်
အဲဒီယုံကြည်ချက် ထားမိလို့ ခုတကယ် ၀မ်းနဲတယ်။ မနက်က.မနက်ခင်းမို့ဘာမှ မပြောရက်ဘူး
ဝမ်းမနည်းပါနဲ့နော်။ မ ၀မ်းနည်းရင် မောင်လဲ ၀မ်းနည်းတယ်။ တစ်နေ့လုံး နေတတ်မှာ မဟုတ်တော့ဘူး
30/10/2011 ညရဲ့ခံစားမူ့ ဘယ်လိုမှ အစားထိုးလို့မရတော့ဘူး။
ပိုက်ဆံဆိုတာ အစားပြန်ယူလို့ရတယ်။ စိတ်ပိုင်းဆိုင်ရာ.ပြန်အစားထိုးလို့ မရဘူး
မ.လေ..ဖုံးကိုတောင် မကြည့်ချင်ဘူးဖြစ်သွားတယ်
တညလုံး စောင့်နေမိတဲ့ ကိုယ့်ကိုယ်ကိုလဲ မုန်းတယ်...
မ..က အလေးနက်ထားပြီး ဆက်ဆံရင်..ကိုယ့်ကိုလဲ လေးစားစေချင်တယ်
မောင် ဖုန်းမဆက်ဖြစ်တာ အမှန်အတိုင်း ပြောရမလားလို့...
မ.က ပေါ့ပျက်ပျက်နေထိုင်တဲ့မိန်းခလေးမဟုတ်ဘူးလေကွာ.....
မောင် ဖုန်း မဆက်ဖြစ်တာ အမှန်အတိုင်း ပြောရမလားလို့ မေးနေတယ် မရယ်...
အစကတည်းကဘာကြောင့်မပြောတာလဲ
မ. စိတ်မကောင်း မဖြစ်စေချင်လို့
မောင်က လိမ်တတ်လား
အမှန်စကားဆိုရင်တော့ ပြော.. မ.က လိမ်တာမကြိုက်ဘူးနော်...
အခု ပြောရမလား။ မောင့်မှာ ညတုန်းက ပိုက်ဆံ မရှိလို့။ အဲဒါကို မပြောချင်တာ
မ. က အခု စိတ်မကောင်းတာကနေ စိတ်ဆိုးတဲ့ ပုံ ဖြစ်နေလို့ မောင် ပြောလိုက်တာ...
ပိုက်ဆံ အဲဒီလောက်ရှားလား
ဘ၀မှာ ပိုက်ဆံမရှိဘူးဆိုတဲ့ စကားကို ပြောရတာ စိတ်အရမ်း မကောင်းဆုံးပဲ။ ရှားတာပေါ့။ ပိုက်ဆံ အရမ်းရှားတယ်
မ..မ ခံစားတတ်ဘူး။ ပိုက်ဆံ အရမ်းရှားတယ်.ဆိုတာကို
မောင် ဆက်မပြောချင်တော့ဘူး။ အဲဒီအကြောင်း
မ..ကိုပွင့်ပွင့်လင်းလင်းပြောရမယ်လေ။ မ..ဘယ်လိုနေမယ် ဆိုတာ တွေးမိလား
မ. ကို စိတ် မကောင်းဖြစ်အောင် မောင် မလုပ်ရက်ပါဘူး
မ..ဘယ်လိုနေမယ်ဆိုတာတွေးမိလားလို့ မေးနေတယ်လေ...
အဲဒီ အတွေးက မောင့်ကို ပိုပြီး စိတ်မကောင်း ဖြစ်စေပါတယ်။ သူ မျှော်နေမှာပဲဆိုတဲ့ အတွေးက မောင့်ကို ပိုပြီး စိတ်မကောင်း ဖြစ်စေတယ်...
အဲဒီတော့ ညဘက်ဘာလုပ်နေလဲ
ညဘက်ပို့ထားပါလားပြောတာပါ.သတိရနေရင်လေ
မကို မောင် ဘယ်လို ပြောရမလဲကွာ
ကောင်းပါပြီ.။ မ.လွန်သွားရင်ခွင့်လွှတ်ပါနော်...
အဲလိုတော့ မပြောပါနဲ့ မရယ် တစ်ခါတလေ မောင့်ဘက်က အခက်အခဲကို ပြောပြတာပါ
မောင့်ကို အားကိုးစိတ်/ချစ်စိတ်ကြောင့်ပါ....
မောင်.ပိုက်ဆံရှားတာ.ဆိုတာနဲနဲပြောပြပါလားဟင် မ.ကို...

အဲဒီလို ပြောလိုက်တဲ့ မ.ကို ကျွန်တော့်အခြေအနေကို အကုန်လုံး ပြောပြလိုက်မိတယ်။
မ.က ကျွန်တော့်ကို အလကားလူ။ အရည်အချင်း မရှိတဲ့လူလို့ မှတ်ချက် မပြုခဲ့ပါဘူး။ အားပေးစကားလေး တစ်ခွန်းကိုတောင် အံသြစရာ ကောင်းအောင် ပြောဆိုခဲ့တာ..။ အဲဒါကိုမှ မရဲ့ အရမ်းလေးစားစရာ ကောင်းတဲ့ စိတ်ဓာတ်ပဲ... မကို. ကျွန်တော်က ပိုက်ဆံဘယ်လောက်ရှားတဲ့ အကြောင်း ပြောပြလိုက်တော့ မ.က ဘာပြန်ပြောတယ် မှတ်လဲ...

မ..စဉ်းစားနေလို့..ခဏနော်တဲ့...

ကျွန်တော်က .. မောင့် အတွက် စိတ်မကောင်းတော့ မဖြစ်ပါနဲ့ မ.ရယ်။ ဘာကြောင့်လဲဆိုတော့ ဒါတွေက ဘ၀တွေပါလို့ မ. စိတ်သက်သာရာ ရအောင် ပြန်ပြောလိုက်မိတယ်.. နောက်တော့ မ.က ငြိုးငယ်တဲ့ အသံလေးနဲ့...

မောင်...ညဘက် ဖုံးမဆက်နဲ့တော့နော်.. မ. ဖုံးနဲ့မှ. မ.မောင့်ကို ပြန်ခေါ်ပေးမယ်နော်. မောင်ပိုက်ဆံ ကုန်တာ...မ.ခုမှ နားလည်လို့ပါလို့ စိတ်မကောင်းတဲ့ လေသံနဲ့ မောင့်ကို ပြန်ပြောခဲ့တယ်။ အဲဒီနောက် မ.က ထပ်ပြောသေးတာ...

မ.စိတ်က.မနဲ့ပတ်သက်သူကို မပင်ပန်းစေချင်ဘူး...။ မောင်က မ.ကို အရာအားလုံးထက် တန်ဖိုးထားလို့ပါ။ မ.လဲ တန်ဘိုးထားပါတယ်.. ဒါကြောင့် မနေ့ညက လိုမျိုး မဖြစ်စေချင်ခဲ့တာ မောင်က.မရဲ့ ယုံကြည်တန်ဘိုး ထားခံရသူပါလို့ ထပ်ပြီး ပြောခဲ့သေးတာ။ မောင် မှတ်မိနေပါသေးတယ်။

ကျွန်တော် သိတ်ချစ်တဲ့ မ.နဲ့ ကျွန်တော်နဲ့ ကြားထဲတွင် ပြောပြ၍ မကုန်နိုင်သော အမှတ်တရပေါင်း များစွာ ရှိနေခဲ့ပါသည်။ ထိုအမှတ်တရများသည် အင်မတန် ကြည်နူးစရာ ကောင်းသော အင်မတန် လှပသော အင်မတန် စွဲဆောင်နိုင်စွမ်းသော အမှတ်တရများပင် ဖြစ်ပါသည်။

မကို အရမ်း ချစ်မြတ်နိုးတဲ့ မောင်..(789)