Friday, July 26, 2013

ဟင်းရည်လေးပေးပါအုံး



                      

                            ပြောနေကျစကားတစ်ခွန်း....ဟင်းရည်လေးပေးပါအုံး
ဟင်းရည်လေးပေးပါအုံး  ......................
  မုန့်ဟင်းခါးစားပြီးတိုင်း လူတစ်ရာတွင်ရှစ်ဆယ်ကျော်မျှသည်ဟင်းရည်လေးပေးပါအုံးဟုတောင်းဆိုကြပါသည်။
ဤ၀ါကျပါ   ဟင်းရည်လေးပေးပါအုံးဟူသောမုန့်ဟင်းခါးစားသူတို့၏စကားတစ်ခွန်းသည် မေတ္တာရိပ်
အမည်ရှိမုန့်ဟင်းခါးဆိုင်ဖြစ်တည်ရန်.တွန်းအားပေးခဲ့သောအကြောင်းတစ်ရပ်ဖြစ်ပါသည်။
    တနေ့ကျမခေါင်းဆောင်သော ( ၅ ) ဦး အဖွဲ့သည် တာဝန်ဖြင့်ခရီးထွက်ကြသည်။ 
တိုက်ကြီးမြို့တွင်( ၂၀ )မိနစ်ခန့်နားပြီး မုန့်ဟင်းခါးစားကြမည်ဖြစ်၍မုန့်ဟင်းခါးစားပြီးသောအခါတွင်.
.ပြောနေကျစကားတစ်ခွန်းဖြစ်သောဟင်းရည်လေးပေးပါအုံးဟုတောင်းဆိုကြပါသည်။ကျမကတော့မတောင်းဖြစ်ခဲ့ပါ။
သို့ရာတွင် သူတို့လေးတွေမှ မုန့်ဟင်းရည်တောင်းသည့်အသံကိုကြားလိုက်
ရသည့်အခါတွင်..ဘာကြောင့်ခုလိုတောင်းနေရတာလဲ ....၊မတောင်းရဘဲ ဟင်းရည်ကိုသောက်လို့ရအောင် ထားသင့်တာဘဲ၊လူများသဖြင့် မုန့်ပန်းကန်မှားပြီးပေးလျင်ဘယ်လိုလုပ်မလဲ..၊

စသည်ဖြင့်ကျမတွေးမိသည်။ပြီးနောက် မုန့်ဟင်းခါးဆိုင်ဖွင့်လိုသည့်
ဆန္ဒပြင်းပြခဲ့ပါသည်။အကြောင်းမှာ..စားသုံးသူများအပေါ်တွင်စေတနာဟူသောအားလေးတစ်ခုထည့်နိုင်လျင်အလွန်အဆင်ပြေမည်ဟုတွေးမိ၍၎င်း.၊သည့်ထက်အဆင့်မြင့်မြင့်တွေးလျင်..စေတနာကောင်းကြောင့်ကုသိုလ်စိတ်ဖြစ်ခြင်းနှင့်အတူ.၊နေ့စဉ်အလှူဒါန
တစ်ခုလုပ်ဖြစ်နေမည်ဖြစ်ကြောင်းကိုလည်း.တွေးမိပါသည်။
     မည်သည့်ဗေဒင်မှမမေး၊မည်သည့်အဆောင်မှကျမ မဆောင်ရွက်ပါ။ ကျမလုပ်ဆောင်သည်မှာ.၊စားသုံးသူများအတွက်
သက်တောင့်သက်သာကျကျနနစားသုံးနိုင်ရန်.နေရာထိုင်ခင်းကို၎င်း.၊မုန့်ဟင်းခါးကောင်းဖြစ်ရန်လိုအပ်သည့်ငါးအမျိုးအစား၊
ငံပြာရည်ကောင်း၊ကြက်သွန်ဥအရွယ်အစားအလိုက်ကို၎င်း.၊ငှက်ပျောအူအနုကို၎င်း.စည်းစနစ်နှင့်အတူစေတနာကောင်းဖြင့်
အသုံးပြုခဲ့သည်။ထို့အပြင် ( အိုးဘဲဥ )ဖြင့်စားသုံးလိုသူများအတွက် ပြုတ်ပြီးသောဘဲဥကို..အစင်းရာမွှန်း၍ (သို့မဟုတ်)အပ်ပေါက်ရာပေးပြီး ဆူပြီးပွက်နေသောဟင်းရည်ထဲသို့ထည့်ထားပါက ထိုဘဲဥသည် ဟင်းရည်၏အနှစ်အရသာစိမ့်ဝင်ထားသည့်အတွက်အလွန်အရသာကောင်းပါသည်။ထိုသို့အိုးဘဲဥအမှန်ကိုစားသုံးနိုင်ရန်ကို၎င်း.
စသည်ဖြင့်ကျမ၏စေတနာမေတ္တာမှန်ဖြင့်ဆောင်ရွက်ပါသည်။
   ကျမ စဉ်းစားခဲ့သော ဟင်းရည်တောင်းခြင်းအတွက်၊  မတောင်းရအောင် မုန့်ပန်းကန်အပြင် သီးခြားဟင်းရည်ကို ပုဂံအလတ်စားဖြင့်တင်ပေးထားလိုက်ပါသည်။ထူးခြားချက်တစ်ခုမှာ ယင်ကောင်များလာနိုင်သည့် ငံပြာရည်ကို စားပွဲတွင်ချမထားပါ။ဟင်းရည်ကို အရသာအကောင်းဆုံးဖြစ်အောင်နှင့်အရသာပေါ့ခြင်းငံခြင်းမရှိရလေအောင်ကျနစွာချက်ထားသဖြင့်
စားသုံးသူများမှ ဘာမှမလိုအပ်ဘဲစိတ်ချမ်းသာစွာသုံးဆောင်နိုင်ကြကာ..သူတို့တတွေကိုကြည့်ရင်းဖြင့် 
( အော် ဒါ အလှူတစ်ခုဘဲစားနေတဲ့အချိန်လေးမှာ နေရာထိုင်ခင်းမှအစ.၊ရာသီဥတုလဲကာကွယ်ထားနိုင်ပါစေ..

၊တောင့်တခြင်းမရှိဘဲစားသုံးနိုင်ကြပါစေ)မေတ္တာနဲ့စေတနာကိုထားပြီးကြည်နူးရပါတယ်။
     လူတွေမှာ ပြောနေတတ်တဲ့စကားလေးရှိပါသေးတယ်..၊ဘာကိုဘဲဖြစ်ဖြစ်ကောင်းနေရင် .လူပါလိုက်သွားရလိမ့်မယ်.၊အမြတ်ကျန်မှာမဟုတ်ဘူးနော်တဲ့..။ 

 ကျမပြောချင်တာလေးကတော့..စေတနာသည်ကံဘဲဖြစ်ပါတယ်..။
ကိုယ့်အတွက်အမြတ်များများရဘို့အတွက်.၊ဘာကိုမဆိုဖြစ်သလိုပြီးရောလုပ်ကိုင်ကြမယ်ဆိုရင်.တူညီတဲ့အကျိုးကိုဘဲရရှိမှာဖြစ်ပါ
တယ်.၊ရှဉ့်လဲလျှောက်စေ.။ပျားလဲစွဲစေ.ဆိုတဲ့.စကားပုံလို၊ သူလဲချမ်းသာ..၊ငါလဲရွှင်ပျော်ဖြစ်နိုင်ဘို့အဓိကဖြစ်ပါတယ်။
အမှန်တကယ်စေတနာ၊မေတ္တာမှန်ပါရင်...ကိုယ့်အတွက်အမြတ်တွေအများကြီးကျန်ပါတယ်..။အဲဒါကတော့..ပီတိ..ဆိုတဲ့အမြတ်ပါဘဲ..။

 အားလုံးသောသူငါသတ္တ၀ါများ..မေတ္တာဖြင့်လျှောက်လှမ်းနိုင်ကြပါစေ..။
ပြောနေကျစကားတစ်ခွန်း....ဟင်းရည်လေးပေးပါအုံး
ဟူသောစကားမှကင်းလွတ်သော.......မေတ္တာရိပ် မုန့်ဟင်းခါးဆိုင်လေးသို့ အမှတ်တရ..
အနှိုင်းမဲ့မေတ္တာအဆုံးမဲ့မြတ်နိုးခြင်းဖြင့်
မေတ္တာရည်လျက်
ခင်မိုးညို