Tuesday, April 8, 2014

သိမြင်သောစိတ်နှင့်ကန်တော့ခြင်း



နေပြည်တော်ရှိဝန်ထမ်းအိမ်ယာများနှင့်ရုံးအဆောက်အဦများသည်တောင်ကြောတ၀ိုက်ကိုထိုးဖေါက်၍
ဆောက်ထားကြသဖြင့်တစ်အိမ်ယာနှင့်တစ်အိမ်ယာ၊အဆောက်အဦတစ်ရုံးနှင့်တစ်ရုံးအနိမ့်နှင့်အမြင့်တည်ရှိကြကုန်၏။
တစ်တိုက်နှင့်တစ်တိုက်၊တစ်ခန်းနှင့်တစ်ခန်းအနိမ့်မှအမြင့်သို့မော်၍ကြည့်ကြရသကဲ့သို့၊အမြင့်မှအနိမ့်သို့ဆီး၍ကြည့်ကြ
ရကုန်၏။
မိမိနေထိုင်ရာပိတောက်အရာရှိအိမ်ယာမှာမူအရှေ့ဖက်၌ဘုရားခန်းနှင့်ပြူတင်းပေါက်များရှိပြီး နှစ်ရှည်သီးပင်များနှင့်သက်ကြီးပင်များပေါက်ရောက်ရာတောင်ကြောတစ်ခုလုံးမှဝိုင်းရံထားသည်ဖြစ်၍ဤနွေဦးရာသီတွင်
တောပန်းရနံ့များကို လေညှင်းနှင့်အတူခံစားသိရှိရပါသည်။လရောင်သည်၎င်း၊နေရောင်သည်၎င်း၊အရှေ့အရပ်ဝန်းဆီမှ
ဖြာ၍ဧည့်ခန်း၊ဘုရားခန်းနှင့်အိပ်ခန်းများကို ကျရောက်ကြသည်ဖြစ်ရာ…လရောင်၏အေးမြမူ့နှင့် နေရောင်ခြည်၏နွေးထွေးမူကို
ပိုင်းခြားထင်ထင်ခံစားရပါသည်။
နံနက်( ၅း၀၀)နာရီတွင် ပြုတင်းတံခါးဖွင့်လိုက်သည်နှင့်သန်းရှင်းလတ်ဆတ်သော (Freshair)လေကို အားပါးတရရှူ ရှိုက်လိုက်သည်။နွေတွင် နွေ၏ပန်းရနံ့နှင့်တောတောင်ရနံ့ကို၎င်း၊ မိုးတွင် မိုး၏ပန်းရနံ့နှင့်မိုးစက်မိုးပေါက်များကြောင့်
အေးစက်သောမိုးရေစက်များဖြင့်ရောပြွန်းသောတောတောင်ရနံ့ကို၎င်း၊ ဆောင်းတွင် ဆောင်း၏ပန်းရနံ့နှင့်နှင်းရည်လူးသောသစ်ကိုင်းခြောက်၊ သစ်ရွက်ခြောက်တို့မှနှင်းရည်ပြွန်းသောတောတောင်ရနံ့ကို၎င်း
ခံစားသိရှိရ၏။ သဘာဝတရားအတိုင်းခံစားသိရှိရသည့် အေးမြခြင်း၊လတ်ဆတ်ခြင်း၊နူးညံ့သင်းပျံ့ခြင်းတို့သည်နေ့အခါသည်လည်း
နေ့အခါအလျှောက်၊ညအခါလည်းညအခါအလျှောက်စိတ်၏ကြည်လင်လန်းဆန်းမူကိုဖြစ်တည်စေ၏။
ဖြစ်တည်သွားသောထိုစိတ်စေတသိတ်ကို.သတိနှင့်ယှဉ်ကာ..ကောင်းလေစွ..ဟူသော.သာဓုကို ခေါ်ဖြစ်သည်။
မောရသုတ်ကို နံနက်တွင်..(ဥဒေတယံ..အစချီလျက်)..ညဉ့်အခါတွင်(အပေတယံ..အစချီလျက်) မြတ်စွာဘုရား၏ ၀ိမုတ္တိတရား
လေးပါးကို စိတ်မှညွှတ်နူးလျက်နေ့စဉ် ရွတ်ဆိုပူဇော်မြဲဖြစ်ရာ….ထိုတော..ထိုတောင်နှင့်အကျွမ်းတ၀င်ဖြစ်လာသည်..။
ရောက်ခါစ၌ ကြောက်ရွံ့စိတ်ရှိသော်လည်း..ယခုအခါ စိတ်၏ နားခိုရာ..အမောဖြေရာ.ဖြစ်လာသည်..။ထိုတော..ထိုတောင်ရှိ
သစ်ပင်များတွင်တစ်ပင်နှင့်တစ်ပင်၊တစ်ကိုင်းနှင့်တစ်ကိုင်းသို့လူးလားကူးခုန်ပျော်နေကြသောရောင်စုံရှဉ့်လေးများ၊
သံစုံသီကြွေးနေသောကျေးငှက်သာရကာများ၊နှင့် အညိုတ၀က်၊အ၀ါတ၀က်ကြွေလွင့်သွားသောသစ်ရွက်ရောင်စုံများကို
မြင်တတ်ကြည့်တတ်လာခဲ့ပြီ..။
ထိုသို့ကြည့်လေတိုင်း..ကြွေလွင့်သွားသည့်ထိုထိုသောသစ်ရွက်တို့သည်..ယခင်က နုနယ်သစ်လွင်၍တောက်ပသော
သစ်ရွက်များဖြစ်ခဲ့သည်ကို၎င်း..၊ ယခု သီကျွေးနေသောကျေးငှက်မတိုင်မှီသီကျွေးခဲ့ကြမည့်ကျေးငှက်တို့ကို၎င်း
ကြည့်နေသောမိမိနေရာ၌ ယခင့်ယခင်ကကြည့်ခဲ့ဘူးကြမည့်သူတို့သည်၎င်း၊ ပြောင်းလဲမြဲပြောင်းလဲလျက်
မတည်မြဲခြင်းအကြောင်းတရားကို၎င်း၊စဉ်းစားဆင်ခြင်မိသည်..။
လွမ်းခဲ့သောစိတ်သည်လဲမမြဲ..။ သတိရသောစိတ်သည်လည်းမမြဲ..၊ထိုထိုစိတ်များကို ဖြစ်ပေါ်စေနေသောမမြဲသောစိတ်နှင့်
မမြဲသောရုပ်တရားကို ပိုင်းခြားထင်ထင်သိမြင်ခဲ့ပြီ..။
ထိုမမြဲသောအကြောင်းတရားများကို..စဉ်ဆက်မပြတ်.အမှတ်နှင့်နေတတ်ခဲ့ပြီ..။
ဘာဝနာအားထုပ်ရန်တိုက်တွန်း၊အားပေးခဲ့သော..မြန်အောင်မြို့နယ်၊သရက်ပင်ကျေးရွာမှဖေဖေနှင့်မေမေ့အား
ဤစာစဉ်နှင့်နှစ်ကူးတွင်ကန်တော့ပန်းဆင်အပ်ပါသည်။
ရိုသေလေးစားမြတနိုးစွာဖြင့်
မေတ္တာရည်လျက်
သမီး
မခင်မိုးညို