Tuesday, February 26, 2013

မကြွေမီ



နွေဦးရာသီေ၇ာက်လာပြီ။ဥသြငှက်၏အထီးကျန်သီချင်းသံကိုလည်း ဟိုတစ၊သည်တစကြားနေရပြီ။ကံ့ကော်ပန်း၊စိန်ပန်းနီပြာခရမ်း၊၀ါရောင်စုံ၊ပေါက်၊လဲနှင့်လက်ပန်ပွင့်တို့သည်လည်း
အစီအရီပွင့်ကြလျက်မည်သည့်နေရာသို့ကြည့်လိုက်၊ကြည့်လိုက်လွမ်းမောဖွယ်ပင်။တောနှင့်တောင်တို့၏မြူခိုးဝေေ၀၊
တိမ်လွှာအဆင့်ဆင့် တို့သည်ရောနှောယှက်ဖြာလျက်၊မပီဝိုးဝါးသော်လည်း၊အလွမ်းစိတ်မှာပီပီပြင်ပြင်ရှိလှ၏။
 ထိုကဲ့သိုသောလွမ်းဖွယ်ရာသီတွင်၊မည်မျှပင်စိတ်ဓါတ်ရင့်ကျက်ခိုင်မာသော်လည်း၊စိတ်၏အားငယ်မူ၊နောင်တတရားလွှမ်းမိုး
မူတို့သည်၊မသိစိတ်ထဲသို့၊ထိုးဖေါက်ဝင်ရောက်လာပါသည်။
     ကျမနှင့်မေမေသည်မိသားစုတွင်အမေ့အိမ်လေး၌ကျန်ရစ်သူ(၂ ) ဦးဖြစ်ပါသည်။အမနှင့်ကိုကိုသည်သူ့အိမ်ထောင်နှင့်သူမို့၊သူ့အိုးနှင့်သူ့အိမ်သီးခြားနေကြသည်။မေမေ့ခမျာသားနှင့်သမီးကြီးကိုကြည့်၍
ငေါင်ငေါင်လေးကျန်ရစ်ရှာသည်။မိဘတို့၏အိမ်သည်ဇရပ်ပမာပင်ဖြစ်ချေသည်ဟု မေမေ့ စကားကိုနားလည်လိုက်ပါသည်။
    ထိုအချိန်မှစ၍ မေမေ့ ကိုပိုမို၍ကြင်နာခဲ့သည်။ဂရုတစိုက်နှင့်ဖေးမလက်တွဲလျက်၊အရိပ်ပမာထပ်ချပ်မခွါနေခဲ့တော့သည်။မိဘတိုင်းသည်သားသမီးထံမှ
တောင့်တသည်မှာ၊မေတ္တာနှင့်ကြင်နာခြင်း၊ဖြစ်ကြောင်းသိလာခဲ့ပါသည်။ညဘက်တွင်စကားတိုးတိုးပြောဖေါ်၊ဘယ်သွားသွား
အတူတူမဖြစ်နိုင်သည့်တိုင်( မေမေရေ..သမီးသွားပြီနော်)ဟူသည့်သွားခါနီးနှူတ်ဆက်စကား၊ ( မေမေရေ..သမီးပြန်လာပြီ)ဟူသည့်ပြန်လာကြောင်းအသိပေးစကား..များသည်နေ၀င်ချိန်မိဘများ၏စိတ်ခွန်အားကိုဖြည့်ဆည်း
ခြင်းနှင့်..မိဘအားအသိမှတ်ပြုကြောင်းလက္ခဏာဖြစ်ကြောင်းကိုလည်းကြာလေနားလည်လေဖြစ်ပါသည်။
 သို့ရာတွင်ကျမတသက်၊ယခုချိန်ထိနောင်တ.တရားခံစားနေရပါသည်။မေမေ့ကိုကျမ၏ဘ၀နှင့်ထပ်တူထားရှိပါလျက်၊ကျမ၏
ခဏမျှပေါ့လျော့မူ့ကြောင့်တသက်တာနောင်တကိုခံစားရခြင်းပင်။
   မေမေသည် ဌာနဆိုင်ရာအငြိမ်းစားရုံးအုပ်ဖြစ်ပါသည်။မေမေ့ကျောင်းနေဖက်
သူငယ်ချင်း( ဒေါ်ရီရီ)သည်ပင်စင်ယူပြီးချိန်မှစ၍ဒေါ်ရူပမာလာအမည်ဖြင့်သီလရှင်ဘ၀နှင့်နေထိုင်ခဲ့သည်။မေမေသည်
သူငယ်ချင်းသီလရှင်အားစစ်ကိုင်းရှိမေမေ့ဇရပ်တွင်သီတင်းသုံးနေထိုင်စေကာ၊လစဉ် မေမေပင်စင်လစာငွေကိုလှူပါသည်။
အကျန်းမာရေးအတွက်လည်းအလျဉ်းသင့်သလိုလှူဒါန်း၏။ မေမေလုပ်ချင်တာမှန်သမျှကျမ ဆောင်ရွက်ပေးခဲ့သည်။
   ထိုသို့သောအခြေအနေမျိုးမှ၊ကျမ၏ခဏမျှပေါ့လျော့မူ့ကြောင့်တသက်တာနောင်တကို
ခံစားရမည့်အခြေအနေကိုကြုံလာခဲ့ပါသည်။ဖြစ်ရပ်မှာ ဆရာလေးသီလရှင်နေမကောင်း၍စစ်ကိုင်းသို့သွားရမည်
ဖြစ်ရာ၊မေမေမှကျမကိုစစ်ကိုင်းသို့သွားရန်ပြင်ဆင်ခိုင်းတော့သည်။ထိုအချိန်တွင်ကျမဘက်မှလည်းအထူးတာဝန်ပေးချက်များ
ဆောင်ရွက်နေချိန်ဖြစ်ပါသည်။နေ့ရွှေ့၊ညရွှေ့နှင့်မရောက်ဖြစ်ပါ။ငွေကိုသာပို့ဖြစ်ခဲ့သည်။မေမေတစ်ယောက်တည်းလည်း
မလွှတ်နိုင်။ကျမကလည်းမပို့နိုင်။မေမေသည်မျက်နှာမသာမယာနှင့်ကျမကိုစကားကောင်းကောင်းမပြောတော့ပါ။
မေမေနှင့်ကျမသားအမိဆက်ဆံရေးသည်တင်းမာလာပြီဖြစ်၍မေမေ့ကိုလိုက်ပို့မှဖြစ်တော့မည့်အနေအထားဖြစ်လာပါတော့သည်။
    စစ်ကိုင်းသွားရန်ပြင်ဆင်နေချိန်တွင်ပင် သီလရှင်ဆရာလေးဆုံးကြောင်း၊ဖုံးမှတဆင့်ကြားလိုက်ရသည်ခဏ။
မေမေသည်ကျမအားစကားတခွန်းသော်မှမပြောတော့ပါ။စစ်ကိုင်းသို့ရောက်ပြီးသည်နောက်၊ဆရာလေးရေးထားခဲ့သော
စာကို မေမေဖတ်ပြီးသည်နှင့်၊ကျမကိုမေမေမှ(အိုမင်းမစွမ်းဖြစ်လာတော့၊သူများကလုပ်ပေးမှ၊ပို့ပေးမှ၊ကျွေးမှစားရတဲ့
ဘ၀ရောက်ရတာမဆန်းပါဘူး၊ကိုယ့်အရိုး၊ကိုယ်သယ်နိုင်တဲ့အခြေအနေ၊ကိုယ့်ငွေနဲ့ကိုယ်စားနိုင်တဲ့အခြေနေမှာတောင်
ဒီလိုဘ၀ကြုံရသေးတယ်။သားသမီးလုပ်စာကိုသာမြှော်ပြီးစားနေရတဲ့မိဘတွေ၊သူတို့ခေါ်မှသွားရမဲ့မိဘတွေဘ၀ဆိုရင်
မိဘတွေဘ၀ဘယ်လောက်အားငယ်ကြရရှာမလဲ ) ဟုပြောခဲ့ပါသည်။
  ထို့ကြောင့် ကျမဘ၀နှင့်ကိုယ်တွေ့အရ မိအိုဖအိုများရှိနေသူများသည်၊မိဘ၏တောင့်တသောအရာကိုနေ့ည မဆိုင်းဘဲဆောင်ရွက်ပေးစေလိုပါသည်။အကြောင်းမျိုးမျိုးကြောင့် မဆောင်ရွက်ပေးနိုင်ခဲ့ပါလျင်၊လွန်ပြီးသောကာလရောက်လေမှ(မလုပ်ပေးလိုက်ရလေခြင်း)ဟူသောနောင်တမျိုးမရရှိစေလိုပါ။
မိဖများ၏စိတ်ချမ်းသာမူထက်ဘယ်အရာမှအရေးမကြီးကြောင်းကျမနားလည်လိုက်ပါသည်။
 မိဖတိုင်းသည်မိမိသားသမီးများ၏အသံကိုကြားလိုလှ၏။စောင့်စားသူအဖို့လေတိုးသံကိုပင်သားမှခေါ်သံလေလားဟု
ယုံမှားမိတတ်၏။ထိုနည်းတူ အဝေးမှသားပြန်လာချိန်ကို တိတ်တခိုးစောင့်စားနေတတ်သည့်အတွက်၊သစ်ရွက်ကြွေသံကိုပင်၊သား၏ခြေသံများလားယုံမှားမိတတ်၏။
မိဖတိုင်းတောင့်တ၊မြှော်လင့်နေသောလွမ်းမောနေသောဆန္ဒကို၊မိဖ၏နှလုံးသားထဲသို့ချဥ်းနင်းဝင်ရောက်ကာမိဖတိုင်း၏
ရင်ကိုအေးမြစေသောအကြင်နာကို သားသမီးတိုင်းမှပေးဆပ်စေလိုပါသည်။
ကြွေပြီးသစ်ရွက်ကိုပြန်ဆက်လို့မရသလို၊မကြွေခင်လေးမှာရေလေးလောင်းပြီးအေးမြခွင့်လေးပေးလိုက်ပါမယ်။

 ခင်မိုးညို

သီလရှင်မှ မေမေ့အားရေးထားခဲ့သောစာမှာ......
   မပြန်ကြည့်    -     
 ဒီတောင်ကကျော်မယ်မထင်ဘူး၊ဆရာလေးစောင့်နေပေမဲ့ငွေဘဲရောက်လာတယ်။
တကယ်တော့ငွေလဲလိုအပ်ပေမဲ့အားပေးစကားသံကြားချင်တာပါ။ကျေးဇူးတွေအများကြီး၇ှိတာမို့၊ဘ၀အေးချမ်းပါစေ၊
တရားထူးရပါစေလို့ဆုတောင်းခဲ့တယ်။တွေ့ကြဘို့ကံမရှိတော့ဘူးဆိုတာဆရာလေးသိလိုက်ပြီ။
ဆရာလေးဒေါ်ရူပမာလာ
(မေမေသည်အလွန်ချောသဖြင့်မျက်နှာချင်းဆိုင်တွေ့သူတိုင်းမှ၊ပြန်ကြည့်ရသည့်အတွက်
                              မပြန်ကြည့်ဟုခေါ်ပါသည်။)