မြက်ဖျားနှင်းပမာ
ဆောင်းရာသီကုန်တော့မည်။သဘာဝနိယာမအရ၊နွေရာသီတကျော့ပြန်လည်ရောက်စပြုလာပြီ။အညာဒေသ၏နွေရာသီကို
ကျမချစ်မြတ်နိုးသည်။နွေထနောင်း၊ဆောင်းမန်ကျီးဟူသည့်စကားနှင့်အညီ၊နွေရာသီတွင်ထနောင်းအရိပ်ကိုခိုလျက်
ဆောင်းရာသီတွင်မန်ကျီးပင်အရိပ်ကိုခိုရသည်။ဆောင်းနှောင်းတမာပန်းရနံ့၊အကျော်နှင့်တရုတ်စကားပန်းတို့၏ရနံ့ နှင့်၊တောပန်းရနံ့တို့သည်မွှေးပျံ့သင်းကြည်လျက်၊နှလုံးသားကိုအေးမြစေပါသည်။မြူဆိုင်း၍နှင်းဝေသောနနံနက်ခင်းတွင်
ရိုးတံကျဲကျဲပင်ပျို၊ပင်အိုတို့သည်ဆောင်းကိုနှူတ်ဆက်၍နွေကိုကြိုလင့်နေသောပုံပမာဟိုတချို့ဒီတချို့၊ ခပ်စိပ်စိပ်၊ခပ်ကျဲကျဲတွေ့မြင်နေရ၏။ မြန်မာတို့၏အသက်သွေးကြောဖြစ်သည့်ဧရာဝတီမြစ်ရေပြင်သည်ပင်သောင်ထွန်းစပြုလေပြီ။
***သစ်ရွက်ရောရီ..ဤ.နဒီဝယ်၊သဂ်ီင်္သွေး၊ဆေးအစုံချယ်သို့၊စပယ်ရုံ.ငုံအဖူး...သင်းပျံ့ပျံ့မွှေးပျံ့ခါကြည်..၀ါတော့မလို၊နီမြန်းသည်ပန်းရွှေဖီ
လေမှာမှာလှူပ်ရှား..ပြေးလွှားလို့ကစားနေကြသည်..***
အဆိုတော်မာမာအေးသီဆိုခဲ့သည့် ညောင်းရွက်ကြွေကျ၊နွေလရာသီသီချင်းရဲ့အစပိုဒ်လေးဖြစ်ပါသည်။ယခုရာသီ၏သရုပ်ဖေါ်သီချင်းတပုဒ်ပါပေ။
ကျမဆိုလိုသည်မှာ..ဆောင်းတွင်မြင်ကြရသောနှင်းရည်ခိုနေသည့်မြက်ပင်ကလေးများအကြောင်းဖြစ်ပါသည်။ဆောင်းမနက်တွင်
မြက်ပင်များပေါ်၌နှင်းရည်တို့သည်တွဲလွဲခိုလျက်တင်ရှိနေသည့်အတွက် မြက်ပင်ငယ်လေးများသည်မြေပြင်သို့ငိုက်လျက်ကျနေကြသည်။
နေရောင်ခြည်မလာမီ၊မြက်ပင်ကလေးများအပေါ်၌နှင်းရည်ကလေးများဖြင့်စိုစွတ်နေသည်ကိုပင်လျင်အေးမြသည်
ဟုခံစားမိကြလျက်နှင်းရည်များ၏၀န်ကိုရွက်ထားရသည်ကိုပင်ရွက်ထားရကြောင်းမခံစားမိကြဘဲကျေနပ်ကြည်နူးနေမိ၏။နေေ၇ာင်ခြည်ထွက်ပေါ်
လာသည့်အခါတွင်မူနှင်းရည်တို့သည်မြေသို့သက်ဆင်းကြလျက်၊မြက်ပင်ကလေးများမှာနှင်းရည်၏၀န်မရှိကြတော့သည်နှင့် မြေသို့ငိုက်ကျလျက်ရှိနေရာမှထိုးထိုးထောင်ထောင်နှင့်
လွတ်လပ်ပေါ့ပါးစွာဖြစ်လာကြကုန်၏။
ထိုသို့သောပမာပုံသို့၊လူ့ဘ၀တွင်သိတတ်ခါစမှအစပြု၍ အသက်အရွယ်ကာလ၊အပိုင်းအခြားအလိုက်၊သစ်ရွက်ကြွေသည်ကိုပင်ပြုံး၍ရင်ခုံခဲ့မိသည်။ချစ်သူ၏ပေးသောချစ်စကားများကို
မက်မောခုံမင်စွာကြည်နူးခဲ့ပါသည်။မတွေရလျင်၊မကြားရလျင်အိပ်မက်ထဲ၌ ခဏလေးဖြစ်ဖြစ်မြင်ပါရစေ၊ကြားပါရစေဟူ၍သူရူးသဖွယ်တမ်းတခဲ့မိသည်။မြက်ပင်လေးများပေါ်တွင်နှင်းရည်ကျသည်ကိုအေးမြသည်ဟုခံစားသကဲ့သို့
ကျေနပ်မိ၏၊ကြည်နူးမိ၏။နှစ်ချိုက်မိ၏၊၀န်ပိနေသည်ဟုအစက်ကလေးတမျှပင်မတွေးခဲ့မိသကဲ့သို့မခံစားမိခဲ့။
ယခုအသက်ပိုင်းခြားရောက်လာချိန်တွင်လည်းကောင်း၊ဘ၀မှပေးလာသောအသိများပိုင်ဆိုင်လာရချိန်၊တနည်းအားဖြင့်ကြုံတွေ့လာရချိန်တွင်
ထိုထိုသောကြည်နူးခဲံရ့ခြင်း၊တမ်းတခဲ့ရခြင်း၊မှန်းဆခဲ့ရခြင်းနှင့်ရင်မောခဲ့ရခြင်းများသည်.မည်မျှဝန်ထုပ်ဝန်ပိုးဖြစ်နေသည်ကိုသိလာခဲ့ရပြီ။
ဘ၀တွင်အမှန်တကယ်အဖိုးရှိသည့်ဘ၀ကိုပိုင်ဆိုင်နိုင်ရန်မည်မျှကြိုးကုတ်အားထုတ်ကြရဦးမည်ကို၊တွေးမိလိုက်သည်နှင့်တခဏ၊
နှင်းရည်စက်များလျှောကျသွားဘိသကဲ့သို့၊စိတ်သည်လည်းလွတ်လပ်ပေါ့ပါးသွားပါလေတော့သည်။
ရာသီအလီလီပြောင်း၍လွမ်းမောကြည်နူးခဲ့သောစိတ်များသည်၊ယခုအခါတွင်မူ၊ မိမိသည်ဘ၀၏နောက်ဆုံးမှတ်တိုင်သို့တဖြေးဖြေးနီးကပ်လာချေပြီ၊နေရသည့်အချိန်လေးတွင် ကောင်းကျိုးများကိုဆောင်ရွက်လျက်နောက်ဆုံးအချိန်အတွက်ပြင်ဆင်ရမည်ဟူ၍
မြက်ဖျားလေးတွင်တင်နေသောနှင်းနှင့်မြက်ပင်လေးကိုပမာပြုလျက်ခံစားဝေငှလိုက်ပါသည်။
ဆရာငြိမ်းကျော်၏ မြက်ဖျားနှင်းဝတ္ထုကို သတိတရခံစားလျက်
ခင်မိုးညို