ဒီစာကို ( ၃ )ကြိမ်ရေးဖြစ်ပါတယ်။တင်ပြီးပျောက်သွားလို့။ကျမကဆက်ရေးပါတယ်။ထပ်ရေးလေ..ခံစားမူ့ထပ်တွေ့လေမို့ပါဘဲ။
သိကြားပါစေ၊သက်သေညွှန်း၍၊သိစေအပ်ပြီ။
တန်ခူးလရောက်လေတိုင်းပိတောက်ပန်းနှင့်ငုပန်းလေးများ၏အလှမ်းဝေးမူကိုမြင်ရသည်။ပိတောက်ပန်းကို မြန်မာတို့၏ရာသီပန်းသခင်အဖြစ်တင်စားကာ လူအတော်များများ၏နှူတ်ဝယ် ပိတောက်ပန်း..ကိုပြောကြသလို အလှလဲဆင်ယင်ကြ၏။တန်ခူးလတွင် ပိတောက်ပန်းသည်လောကကိုအလှဆင်သကဲ့သို့ ငုပန်းသည်လည်းနိုင်စွမ်းသမျှ အလှဆင်ယင်ပေးရှာသည်။သို့သော်အသိအမှတ်ပြုခံရပုံချင်းမှာမတူညီခဲ့ပါ။ ကျမသည် ငူပန်းလေးများကို မြင်တိုင်း တိုင်းပြည်အတွက်အသက်ပေးခဲ့သော ရဲဘော်လေးများကိုသတိရမိသည်။
သူတို့လေးတွေ၏ဘ၀သည်.မေတ္တာကိုလည်းမရခဲ့၊ကြင်နာခြင်းလည်းမပိုင်ဆိုင်နိုင်ခဲ့၊ထိုကြောင့်သူတို့ကိုယ်တိုင်နွေးထွေေးသာမေတ္တာကို
သူတပါးကိုပေးရကောင်းမှန်းလဲမသိနိုင်တော့။ဘ၀သည်သုည( ၀ )ဘ၀ဖြစ်လျင်သူတို့လေးတွေ၏ဘ၀သည်တစ်ခြမ်းပိန်သုည ( half zero)
ဖြစ်ပါသည်။
သူတို့ဘ၀တွင်အမေသည်ဘယ်ဆီမှန်းမသိ၊ရှိပြန်လည်းအမိသည်ဘ၀ကိုရုန်းကန်နေရသဖြင့် သူတို့လေးတွေအပေါ်မထွေးပိုက်နိုင်။
မနက်စာနှင့်ညစာကို အလျင်မီအောင်ပြေးလွှားရှာဖွေနေရသောဘ၀များပင်။ပညာ၊ဥစ္စာမပြည့်စုံတော့၊ဆွေမျိုးဆိုသည်မှာလည်းဘယ်ဆီမှာမှန်းမသိနိုင်တော့။
ထိုထိုသောသူတို့သည်လူ့လောကထဲသို့တိတ်ဆိတ်စွာဝင်ရောက်လာပြီး၊တိတ်ဆိတ်စွာပင်ပြန်ထွက်သွားရသည်ကများသည်။သူတို့လေးတွေသည်
အသက်ကိုလိုလားနှစ်သက်စွာပေးအပ်ခဲ့ကြသည်။ သူတို့လေးတွေဘ၀တွင် မေတ္တာကို မပိုင်ဆိုင်ခဲ့ရ၊ဂရုဏာတရားကိုမခံစားခဲ့ရ၊ကြင်နာခြင်းတရားကိုလည်းမထွေးပိုက်နိုင်ခဲ့ရ။ ထိုသို့သောအနှူတ်လက္ခဏာဘ၀လေးထဲတွင်ပင်
သူငယ်ချင်းချင်းစလိုက်၊နောက်လိုက်ပြောင်လိုက်နေထိုင်ရင်းလူ့လောကထဲမှနှူတ်ဆက်မည့်သူမရှိ၊၀မ်းနည်းပေးမည့်သူမရှိဘဲ စောစွာထွက်သွားကြသည်။
သူတို့လေးတွေအတွက် ဘွဲ့၊ရာထူး၊ဂုဏ်တွေရေးပြရန်မရှိ။ကြီးမြင့်သောဆွေမျိုးဂုဏ်ကိုလည်းဖေါ်ပြရန်မရှိ၊အမိအဖ၏ဂုဏ်ကိုလဲဖေါ်ပြရန်မရှိ၊ ထို (မရှိ) ခြင်းများစွာကိုပိုင်ဆိုင်ထားသောရဲဘော်လေးများသည်၊နိုင်ငံတော်အတွက်အသက်ပေးလှူခဲ့ကြပြီ။။
ထိုရဲဘော်လေးများဘ၀ကဲ့သို့ ငုပန်းလေးများသည်လည်းလောကကို အလှဖန်တီးပေးလျက်ရှိပါသည်။ပိတောက်ပန်းကလေများကဲ့သို့
ငုပန်းလေးများကိုမြတ်နိုးနိုင်ကြလျင်၊လောကသည်ယခုထက်ပို၍လှပပါလိမ့်မည်။တန်ခူးလရောက်လေတိုင်း ပိတောက်ပန်းကလေးများကဲ့သို့ ငုပန်းဝါလေးများကိုလောက၏အလှဆင်ရာပန်းပမာတန်ဖိုးထားနိုင်ကြပါလျင်၊တန်ခူးလ၏လှပခြင်း၊လူသားတိုင်း၏မေတ္တာဂရုဏာမုဒီတာ
တည်းဟူသောနွေးထွေးသည့်စိတ်အလှတရားများသည်ယခုထက်ပိုလှပပါလိမ့်မည်ဟုသိကြားပါစေ၊သက်သေညွှန်း၍၊သိစေအပ်ပါကြောင်း
ပြောကြားလျက်မကြာမှီရောက်ရှိလာတော့မည့်တန်ခူးလအားငုဝါပန်းလေးများအားမေတ္တာစိတ်ဖြင့်နွေးထွေးစေလျက်ကြိုလင့်အပ်ပါသည်။
ခင်မိုးညို


