မှတ်ကျောက်တင်နိုင်ခြင်းငှါ
မိုးကောင်းကင်သည်အုံ့မှိုင်းနေ၏။တာဝန်နှင့်ဝတ္တရားထမ်းဆောင်ခြင်းကို မိမိသည် စိတ်ရောကိုယ်ပါနှစ်မြူပ်၍ ဆောင်ရွက်ပါသည်။ ထိုဆောင်ရွက်စဉ်ကာလ၌ မိမိ၏ လူမူရေးများ များစွာလစ်ဟာခဲ့ပါသည်။ ပုထုဇဉ်မို့တရံတဆစ် စိတ်နွမ်းခြင်းခံစားရသော်လည်း၊ မိမိဝန်းကျင်မှသူသူငါငါ
ချောမွေ့အဆင်ပြေနေသည်ကိုမြင်သိရသောအခါ၌ နွမ်းသောစိတ်သည် အဝေးသို့လွင့်စင်ကြကုန်၏။
မိမိ၏ဘ၀တွင် စိတ်ချမ်းသာခြင်းကို ပြောပါဆိုလျင်မိမိကြောင့်ဘ၀တွင်မြင့်တက်သွားကြသော
သူများကို မြင်ရ၊သိရချိန်တွင်၎င်း အလှူဒါနကိုလှူဒါန်းချြင်းနှင့်ဝေယျာဝိစ္စ ဆောင်ရွက်နေချိန်တွင်၎င်း၊သီလကို
ဆောက်တည်နေချိန်တွင်၎င်း ၊ အထူးသဖြင့် လူတစ်ဦး၏စိတ်ကို နားလည်ခံစားသိတတ်ချိန်တွင်၊ စိတ်အလွန်ချမ်းသာပါသည်။
စိတ်၏နက်ရှိုင်းခြင်းကို ၊ ဆန်းစစ်ခြင်းဖြင့်သိရှိလာသောအခါတွင်တွင် အချိန်၏တန်ဖိုးကြီးမားပုံကို ပို၍
ပို၍ သိလာရလေဖြစ်ပါသည်။ မိမိဖြတ်သန်းလာသောဘ၀တလျှောက် မိမိကိုယ်ကိုဆန်းစစ်ဖြစ်သည်။
မည်သူ့အပေါ်တွင်မှ ရယူလိုစိတ်သည်၎င်း၊ တပါးသူအပေါ်၌ ဒုက္ခရောက်စေလိုသောစိတ်သည်၎င်း၊ စိုးစဉ်းမျှမရှိခဲ့ပါ။နောင်လဲရှိမည်မဟုတ်ပါ။ မိမိ၏ဘ၀တွင်အမိနှင့်အဖ၏ကျွေးမွေးသော ကျေးဇူးတရားသည်
အနှိုင်းမဲ့ဖြစ်ပါ၏။ အမိနှင့်အဖအသက်ရှင်စဉ်ကာလ၌ နိုင်စွမ်းသော ကာယ၊ညာဏ ကို လုံ့လပြုလျက်၊
ဝတ်ကြီးဝတ်ငယ်မှအစ ၊ အရာရာကို ဆောင်ရွက်ခဲ့ပါသော်လည်း၊စိတ်၌အားမရခံစားရသည်မှာ
ယခုထက်တိုင်ဖြစ်ပါသည်။
လူဖြစ်ရသောဘ၀ကိုတန်ဖိုးထားရကောင်းမှန်း၊အမိနှင့်အဖကြောင့် သိရှိရ၏။ ထို့ထက် လူပီသချြင်းဟူသည်အဘယ်အကြောင်းအရာဖြစ်ကြောင်းကိုလည်း အမိနှင့်အဖကြောင့်ဖြစ်ပါသည်။ နက်ရှိုင်းလှစွာသောမေတ္တာတရားကို ပေးဆပ်နိုင်စွမ်းသောစိတ်အခြေခံကိုလည်းအမိနှင့်အဖတို့မှပြသခဲ့ပါသည်။
မိမိ၏မိဘနှစ်ပါးကြောင့် မိမိသည် ဘ၀တွင် တစ်ဦးတည်းလျှောက်လှမ်းနေစေကာမူ၊အားငယ်သောစိတ်၊
အထီးကျန်သောစိတ်မခံစားရဘဲသံသရာ၏ကောင်းဆုံးအဖေါ်ဖြစ်သည့်ဓမ္မတရားကိုသိနားလည်ခဲ့ရပါသည်။
အမှန်စင်စစ်၊ လူသားချင်းစာနာစိတ်၊မေတ္တာဂရုဏာစိတ်များကိန်းဝပ်နေကြမည်ဆိုပါလျင်
အေးချမ်းသာယာသောဘ၀များကို ကြုံတွေ့ကြရမည်ဖြစ်ပါသည်။ လူသားတစ်ဦးထံမှလိုချင်သောစိတ်၊အခွင့်အရေး တစ်ရပ်ကိုအသုံးချလိုသောစိတ်စသည်ဖြင့် မိမိ၏အကျိုးတရားများကို လိုချင်တပ်မက်သောစိတ်များအား၊ခ၀ါချလျက်၊ မိမိအကျိုးထက်တပါးသူအကျိုး
ကိုဦးစားပေးစဉ်းစားဆောင်ရွက်သင့်ပါသည်။
စင်စစ်အမှန် ၊ထိုစိတ်သည် မြင့်မြတ်သောစိတ်ဖြစ်တည်လျက်၊မိန်းမဖြစ်လျင်မိန်းမမြတ်
၊ယောကျာ်းဖြစ်လျင် ယောက်ျားမြတ်ဖြစ်ကာ၊နတ်လူဗြဟ္မာသာဓုခေါ်ဆိုထိုက်ကြသောသူတော်ကောင်းများပင်ဖြစ်ကြပါသည်။
ထိုသူတို့သည် ဆင်းရဲ၊ချမ်းသာမဆိုင်၊ပညာတတ်ခြင်း၊မတတ်ခြင်းသည်လည်းမဆိုင်၊လူကျင့်ဝတ်ကောင်းနှင့်သာဆိုင်ပါသည်။
ထိုကြောင့် ဆင်းရဲလျင်လဲအားမငယ်ပါနှင့်၊မရှက်ကြပါနှင့်၊ပညာမတတ်လျင်လည်းမသိမ်ငယ်ပါနှင့်၊
မကြောက်ကြပါနှင့်၊စောင့်ထိန်းအပ်သောသီလတရားကို စောင့်ထိန်းကြလျက်၊ လောကအကျိုးကိုဆောင်ရွက်
နိုင်ကြပြီးလျင် မိဘများ၏ကျေးဇူးတရားကိုရိုသေကိုင်းရှိုင်းစွာနှင့် ဆောင်ရွက်နေကြသူများဖြစ်ပါလျင်လောက၌ တင့်တယ်သော၊မြင့်မြတ်သော၊တန်ဖိုးကြီးမားသောသူဖြစ်နေပါသည်ဟူ
၍မိမိကိုယ်ကို ခိုင်မာသောစိတ်ဖြင့် မှတ်ကျောက်တင်နိုင်သူဖြစ်နေပြီဖြစ်ပါသည်။
မှတ်ကျောက်တင်နိုင်ကြပါစေ
မေတ္တာရည်လျက်
မခင်မိုးညို

