Tuesday, September 9, 2014

မေတ္တာနှင့် ယှဉ်သောစိတ်ဖြင့်



မနေ့ညက တအိမ်လုံးမီးပိတ်ပြီး အေးမြတဲ့လရောင်ကိုခံစားပါတယ်။ ဘုရားမီးကိုလဲ လျှပ်စစ်မီးတွေအေးစေပြီး ဆီမီးနဲ့ပူဇော်ပါတယ်။တော်သလင်းလရဲ့လပြည့်ဝန်းကိုကြည့်ပြီး န၀င်္က
သီလဆောက်တည်ခဲ့တာ ( ၈ )လတိုင်ခဲ့ပြီလို့ အမှတ်အသိကိုဖြစ်စေပါတယ်။န၀င်္ကသီလမှာ ( ၁ )
မှ( ၈ ) အထိ စောင့်ထိန်းရမဲ့ကံတွေဖြစ်ပြီး အမှတ်စဉ် ( ၉ ) ကတော့မေတ္တာနဲ့ယှဉ်သောစိတ်ဖြင့်
နေထိုင်ရမယ်ဖြစ်ပါတယ်။
( ၉ ) မေတ္တာ သဟဂတေန စေတသာ သဗ္ဗပါဏဘူတေသု ဖရိတွာ ဝိဟရဏံ
သမာဒိယာမိ။
(မေတ္တာနှင့် ယှဉ်သောစိတ်ဖြင့် သတ္တဝါရှိသော လောကကို ပျံ့နှံ့၍နေစေမည်။)
ကျမအနေနဲ့ ပထမဆုံးခံစားမိတာကတော့ကိုယ်ချင်းစာနာစိတ်ပါဘဲ။ စိတ်ဆင်းရဲနေတာတွေ့ရင်
အော်ဘယ်လောက်စိတ်ထိခိုက်နေမလဲလို့တွေးပြီး စိတ်ချမ်းသာပါစေလို့စိတ်ဖြစ်ပေါ်မိပါတယ်။ဘာကြောင့်လဲဆိုရင် ကျမ ကိုယ်တိုင်စိတ်ဆင်းရဲခဲ့ဘူးတယ်လေ။မကောင်းတဲ့ခံစားမူကို သိနေတော့ တဘက်လူကိုလွတ်မြောက်စေချင်တဲ့စေတနာပါ..။
ဒေါသဖြစ်ရင်လဲ ဒေါသရဲ့ပူလောင်ခြင်းကို သိနေတော့ဒေါသမဖြစ်စေချင်ဘူး။ဆိုလိုတာကတော့
ကိုယ်တိုင်ခံစားဘူးတဲ့မကောင်းတဲ့ရသတွေကို ဘယ်သူ့ကိုမှမခံစားစေချင်ဘူး။
ကိုယ့်ကြောင့်ဘယ်သူမှဒုက္ခမရောက်ခဲ့ဘူး။ငွေအား၊လူအင်အားဖြင့်မတတ်နိုင်ရင်တောင်မှ
ကျမရဲ့မေတ္တာစိတ်နဲ့ ပေးစွမ်းတဲ့အလင်းရောင်ကို မျှဝေခဲ့ပါတယ်။
အဲဒီလိုပြောတော့ကိုယ်တိုင်သိပ်ကောင်းနေပြီလားလို့ပြန်စဉ်းစားပါတယ်။ပုထုဇဉ်မို့ ဆိုးချင်ဆိုးပါမယ်။ဒါပေမဲ့ ဘယ်တော့မှယုတ်မာခြင်းမရှိခဲ့ဘူး။ဆိုးတာကလဲ ထဲထဲဝင်ဝင်
ဆိုးတာမဟုတ်ပါ။ညက လရောင်ရဲ့အေးမြခြင်းကိုခံစားရင်းလရောင်
ကဲ့သို့ညီမျှတဲ့မေတ္တာတွေဖြန့်ဝေနိုင်ပါစေလို့
ဆုတောင်းမိတယ်။ကံတွေမကျူးလွန်အောင်နေထိုင်ချိန်မှာ မြင်စဉ်ခဏ၊ကြားစဉ်ခဏအတွင်းမှာပင်လျင်၊ စိတ်ချမ်းသာကြပါစေ၊ ကိုယ်ကျန်းမာကြပါစေလို့ မေတ္တာပို့သလျက်ရှိပါတယ်။
ကိုယ်နေစဉ်ကိုယ့်ဝန်းကျင်လေးမှာ ကောင်းသောအကြောင်းတရားတွေကို အုတ်တစ်ချပ်၊သဲတမှူံ့  စာမျှပင်ဖြစ်ပါစေ နှလုံးသားနဲ့ရင်းပြီးဆောင်ရွက်ရင်း ဘ၀ရဲ့နောက်ဆုံးခရီးကို လျှောက်လှမ်းနေပါ့မယ်..။
မေတ္တာရည်လျက်
မခင်မိုးညို