ယနေ့ မနက် ခရမ်းချဉ်သီးရောင်းရန်ဈေးမထွက်ဖြစ်ပါ။
မထွက်ဖြစ်ပါဆိုသည်ထက်၊ဈေးရောင်းထွက်ပြီးမှ၊ပြန်လာသည်ဆိုက ၊ပို၍မှန်ပါမည်။
တန်ခူးလနေအရှိန်သည်၊ပူစပ်ပူလောင်နှင့်၊တိုက်လာသောလေကလည်းလေပူဟူ၍ခေါ်ရမည့်၊မအေးသောလေ။
ထနောင်းရိပ်နှင့်ကုက္ကိုရိပ်အောက်၌ ၊အညာထရံအကွက်ကာ၊သက်ကယ်မိုးသောမြေစိုက်အိမ်လေးရှိပါသည်။ထို အိမ်လေးတွင်၊သားနှစ်ယောက်နှင့်သမီးတစ်ယောက်ကို ကျမ မွေးဖွားခဲ့သည်။
ကျမ၏ခင်ပွန်းကယာလုပ်ငန်းကိုလုပ်ကိုင်ပြီး၊ယခုလိုနွေရာသီတွင် ထင်းခုတ်အငှားလိုက်သည်။
ကျမတို့ မိသားစုတွင်အလုပ်နှင့်လက်၊ နားချိန်မရှိပါ။ကျမသည်အတန်းစာမသင်ခဲ့ရပါ။ခင်ပွန်းသည်က ဘုန်းကြီးကျောင်းသားဘ၀နေခဲံ့ရ၍၊စာရေးနိုင်ဖတ်နိုင်၏။ သားကြီးက မိဘကိုကူနေရ၍ ၊အတန်းစာမသင်နိုင်။သမီးနှင့်သားအငယ်ဆုံးကို ရွာကျောင်းလေး၌ထားရပါသည်။
ညဘက် ထမင်းစားအပြီး၊ကျမက မနက်ဖက်ဈေးရောင်းရန် ရာသီသီးနှံလေးများကိုဈေးဗန်းထဲ၌ပြင်ဆင်နေချိန်၊ကျမခင်ပွန်းနှင့်သားကြီးက နှီးဖျာနေစဉ်၊ သမီးနှင့်သားမောင်နှမနှစ်ယောက် စာအံသံကို တစိမ့်စိမ့်နားထောင်နေကြသည်။
ထိုအထဲတွင် သားငယ်စာအံသံမှ
မိုးရေတက်ရေတဖွေးဖွေး-ကွင်းကျယ်အဝေးဝေး
လယ်စောင့်တဲလေးခြေတံရှည်- မိုးကုတ်အောက်မှာတည်
ကြာနီတပွင့်ဖြူတပွင့် - တဲနဲ့ပနံတင့်။
ဟူသည့်ဆရာမင်းသုဝဏ်၏လယ်စောင့်တဲ ကဗျာလေးကို ကျမတို့ မိသားစုအလွန်သဘောကျပါသည်။
အဘယ်ကြောင့်ဆိုသော်၊ ကျမ တို့ဘ၀နှင့် အလွန်နီးစပ်သည့် အတွက် မျက်ဝါးထင်ထင်တွေ့မြင်ရဘိသကဲ့သို့ခံစားသည့်အတွက်ကြောင့်ဖြစ်ပါသည်။
မည်သည့်သောအကြောင်းတရားဖြစ်ပါစေ၊ မိမိတို့၏ဘ၀နှင့်အနီးကပ်ဆုံးသောအရာသည်၊ နှလုံးသားထဲသို့တိုင်ထဲထဲဝင်ဝင်ရှိနိုင်ပါသည်။
သမီးလေးက သူနာပြုဆရာမလေးဝက်ဝံဖြူရွာတွင်အလုပ်လုပ်ချိန်၌၊ သားငယ်က မြို့သို့ တက်၍ အလယ်တန်းကျောင်းတက်ရပါသည်။
သားငယ်လေးမြို့တွင်စာသင်နေစဉ်၊ညဘက်၌ ကျမ အိပ်မပျော်ပါ။သားငယ်ကိုကျမရင်ခွင်ထဲထည့်၍၎င်း၊ကျမ လက်မောင်းကိုခေါင်းအုံး၍၎င်း၊အိပ်နေကျဖြစ်၏။ကျမရင်ထဲ၌ ဟာ၍နေသည်။ထမင်းစားတော့လည်းထိုနည်းနှင်နှင်၊ မြိုချ၍မရ။ကျမတို့ မိသားစုလေးသည်မချမ်းသာပါ။လက်လှူပ်မှ ၊ပါးစပ်ဟရုံသာသာဖြစ်ပါသည်။သို့သော် အလွန်စိတ်ချမ်းသာကြသည်။ရီမောပျော်ရွှင်ကာ၊စည်းစည်းလုံးလုံးရှိကြသည်။မိသားစု ဘ၀ ပီပြင်ပါသည်။
ကျမခင်ပွန်းကကျမကို တခါဘူးမျှအပြစ်မတင်ခဲ့။ထိုနည်းတူ ကျမကလည်း ခင်ပွန်းကိုတလေးတစားဖြင့်ဆက်ဆံသည်။ပိုက်ဆံပေးသည်ကိုပင်၊နဲသည်များသည်၊မလောက်ငှသည်ကို ကျမ မှ၊တခွန်းသော်မှမပြောခဲ့၊ခင်ပွန်းသည်၏ကိုယ်ကျင့်တရားကောင်းမွန်ခြင်းကို ကျမသည်ရွာထဲ၌ ဂုဏ်ယူသည်၊အလုပ်ကိုလုပ်နိုင်သမျှသူသည်လုပ်ကိုင်ပြီး၊ရသမျှအကုန်ပေးရှာသည်။ကျမကလဲ တင်းတိမ်ရောင့်ရဲသည်။ ထိုသို့အေးချမ်းသာယာသောမိသားစုဘ၀ဖြစ်ပါသည်။
တနေ့ တွင် ပူလွန်းသောရာသီတွင် နေပူထဲကအပြန်၊အပူရှပ်ပြီးဖျားကာ၊ဆေးမီးတိုဖြင့်ကုသရင်းခင်ပွန်းသည်ဆုံးသည်။မဖေါ်ပြတတ်သော
စိတ်ခံစားမူ၊ခံစားရသည်။ ကျမမှာ ငိုပြီးထိုင်နေရန်မဖြစ်၊ခလေးများကို အားပေးရဦးမည်။အလုပ်ပို ၍လုပ်ကိုင်ရမည်။
ဤ သို့သောဘ၀ကိုလျှောက်လှမ်းနေဆဲ၊ ဤ မနက်တွင်ခရမ်းချဉ်သီးအရောင်းထွက်ရာမှပြန်လာခြင်းဖြစ်ပါသည်။အကြောင်းမူ ကျမတို့ရွာကလေး မှအထွက်ရွာဘူတာနားသို့ ရောက်အလု၊ ထနောင်းပင်ထိပ်ဖျားမှ( ဥသြ....ဥသြ )ဟူသည့် ဥသြငှက်သံကိုကြားလိုက်စဉ်ခဏ (ကိုကိုရော..ကိုကိုရော)ဟူ၍ခံစားမိလိုက်သောကြောင့်ဖြစ်ပါသည်။သားငယ်၏အိမ်နာမည်မှာ
( ကိုကို ) ဖြစ်ပါသည်။
သားငယ်ကို သတိရသည့်စိတ်၊လွမ်းသည့်စိတ်တို့သည်ရင်ထဲ၌ အလိပ်လိုက်အလိပ်လိုက်တက်လာပါသည်။
တခါတရံတွင်စိတ်သည်လူကိုနှုန်းကျသွားစေပါသည်။
ထိုကြောင့် အိမ်ပြန်လာခဲ့တော့သည်။
အိမ်ရှေ့ကပျဉ်လေးတွင်အမောဖြေရင်းသမီးလုပ်သူအား ( ကိုကိုရော..ကိုကို ရော )လို့အသံကြားယောင်သဖြင့်ပြန်လာခဲ့ကြောင်းပြောပြရာ၊အိမ်ခန်းတွင်မှ သားငယ်လေးထွက်လာသည်ကို အံ့သြစွာတွေ့လိုက်ရပါသည်။
သားငယ်လေးက ( မေမေ.သားကျောင်းကိုလမ်းလျှောက်လာတော့ ဥသြငှက်က ( ဥသြ....ဥသြ )လို့ အသံကြားတယ်။ဒါပေမဲ့သားစိတ်ထဲမှာ ( မေမေရော..မေမေရော ) လို့အော်နေသလိုကြားရတယ်။ဒါကြောင့်မေမေ့ ကိုလွမ်းလွန်းလို့ ပြန်လာတာ)ဟုပြောပါသည်။
ကျမလဲ သားငယ်ကိုပွေ့ဖက်ကာမေမေလဲလွမ်းလို့ဈေးမရောင်းဘဲ ပြန်လာတာဟူ၍ပြောပြီးသားအမိနှစ်ယောက်အားပါးတရပွေ့
ဖက်နေလိုက်ပါသည်။
ထိုအချိန်တွင် ကျမသားလေးဆရာဝန်မဖြစ်ရင်နေပါစေ။ဘွဲ့မရရင်နေပါစေ၊ခုလို နေကြရလျင် တော်ပါပြီဟူ၍ အတွေးပင်ဝင်ရောက်ခဲ့ပါတော့သည်။
ထိုညသည်ကျမတို့မိသားစုဘ၀၌ ၊မကြားရကြာပြီဖြစ်သောရီမောသံ၊စကားပြောသံနှင့် စီညံလျက် အိမ်ကလေးသည်လည်းမိသားစုဘ၀အိမ်အဖြစ်ပီပြင်လာပါတော့သည်။
မိသားစုဘ၀ကိုမြတ်နိုးသူ
ခင်မိုးညို
( ကျမ လေးစားသောဆရာဝန်တစ်ဦး၏ဘ၀ဖြစ်ပါသည်။ဆရာဝန်ဖြစ်လာသောဘ၀ကို

နောင်ဆက်လက်ရေးသားပါမည်။)