Friday, April 5, 2013

နှလုံးသားလှပသောဆရာဝန်

နှလုံးသားလှပသောဆရာဝန်



လရောင်သည် လူ့နှလုံးသားအားအေးမြစေ၏။ထို့ကြောင့် စန္ဒာဟုခေါ်သည်။နေရောင်သည်လူ့နှလုံးသားအား
သတ္တိကိုမွေးဖွားစေ၏။ထို့ကြောင့် သူရိယဟုခေါ်သည်။ အမိ၏မေတ္တာသည်အေးမြသဖြင့်လရောင်နှင့်တင်စားကာ၊အဖ၏မေတ္တာသည် သတ္တိစွမ်းအားကိုဖြစ်စေ၍ နေရောင်နှင့်တင်စားသည်။မည်သို့ဆိုစေ၊ဘ၀၏ရုန်းကန်မူတွင် အဖ၏လမ်းညွှန်ချက်နှင့်လျှောက်လှမ်းပြီး၊မောပန်းမူကို အမိ၏ရင်ခွင်၌အမောဖြေပါသည်။
ဤကားမည်သည့်နေရာ၊ဒေသ၊နိုင်ငံတွင်ဖြစ်စေ၊မိဘနှင့်သားသမီး၏ဆက်နွယ်မူ့ လောကနိယာမ တရားပင်ဖြစ်ပါသည်။
  စိတ်ဓါတ်ကြံ့ခိုင်၍ရိုးသားသောအမိကို အမိ၏သက်တမ်းစေ့မကုန်မှီ၊ခွဲခွါခဲ့ရသည်။ထိုအချိန်တွင်အကိုအကြီးဆုံးက ရန်ကုန်တွင်ကုန်စိမ်းသယ်သောကားကိုမောင်းနေသည်။ နောင်တချိန်ဆရာဝန်ဖြစ်လာသည့် သူ၏အမည်ကို ဖေါ်ပြပါမည်။သူ၏အမည်မှာ အိမ်နာမည် ကိုကို။ကျောင်းနာမည် သက်ခိုင်။
ကိုသက်ခိုင်( ၆ )တန်းတွင် အဖဆုံးသည်။ကိုသက်ခိုင်၏အမိသည် အမိ၏တာဝန်၊အဖ၏တာဝန်ကို တစ်ဦးတည်း
ထမ်းရွက်နေသော်လည်း ကြည်နူးမူအပြည့်။ပင်ပန်းသည်ဟုမထင်၊ မနက်ဈေးရောင်းထွက် ၊( ၈ ) နာရီဆိုလျင်အိမ်ကိုပြန်လာရပြီ။ နေ့လည်ချိန်တွင် နှီးဖျာ၊တောင်းယက်၊ညနေပိုင်းတွင်ယာထွက်သီးနှံများကို ၀ယ်နေကျအိမ်များသို့လိုက်ပို့နှင့်နားရန်ပင်အချိန်မရှိ  ။အိမ်တွင်တစ်ဦးတည်းရှိစဉ်  ခြံထွက်အသီးအရွက်ကလေးများကိုဆီအနည်းအကျဉ်းမျှနှင့်သာအဆင်ပြေသလိုချက်ပြုတ်စားပြီး၊သားနှင့်သမီးပြန်လာသည့်နေ့များတွင်အသားဟင်းကိုလက်မအရွယ်တုံး၍ဖွယ်ဖွယ်ရာရာ ချက်ကျွေးဖြစ်သည်။
  အမိ၏မေတ္တာ၊စေတနာ၊ဂရုဏာများကို ၊ကိုသက်ခိုင်သည်အလေးအနက်ထား၍၊နောင်တချိန်အမေ့ ကို သက်တောင့်သက်သာနေစေမည်ဟု ရည်ရွယ်ခဲ့သည်။ လူသားတိုင်းကိုစာတတ်စေလိုသောစိတ်စေတနာဖြင့် ကျောင်းဆရာလုပ်ကာ၊အသိပညာ၊အတတ်ပညာရပ်များကိုသင်ကြားပြသပြီး
လောကကိုကောင်းမွန်သောပန်းချီကားတချပ်ပမာ၊စေတနာ၊မေတ္တာ၊မုဒိတာဟူသော ဆေးချက်များဖြင့်ရေးဆွဲမည်ဟူ၍
ရည်ရွယ်ခဲ့သော်လည်း၊မဖြစ်မြောက်လာခဲ့။
အကြောင်းမူ အမေပိုးထိ၍ဆုံးသည့်အတွက်ကြောင့်ဖြစ်သည်။ဆရာဝန်နှင့်အချိန်မှီတွေ့လျင် အမေ့အသက်မဆုံးပါးနိုင်။ထိုနေ့ က အမေသည်ခြံစည်းရိုး တန်း၌ မကျည်းရွက်ခူးစဉ် မြွေကိုက်ခံရသည်။
အမကလဲအိမ်၌မရှိ၊ကျေးရွာဆေးခန်းတွင်ရှိသည်။အမေ့ ကို ထမ်းပြီးဆေးခန်းသို့ပြေးသော်လည်းအသက်ရှင်သန်ခွင့်မရရှိခဲ့။
ထိုကြောင့် ဆရာဝန်ဖြစ်ရမည်..ဟူသောစိတ်ကို ပီပြင်စွာဆုံးဖြတ်ချက်ချခဲ့သည်။
ကျေးရွာနေလူတန်းစားဘ၀တွင် တွေ့ကြုံရသောခါးသီးဖွယ်ဖြစ်ရပ်ပင်။
ကိုသက်ခိုင်စိတ်တွင် ဆရာဝန်မရှိသောကျေးရွာများတွင် မသေဆုံးသင့်ဘဲသေဆုံးနေကြရသောလူသားထဲမှလူပေါင်းများစွာရှိကြသည်။မိမိကဲ့သို့အမိအဖဆုံးရှုံးကြရသော သားသမီးများစွာရှိကြသည်။ထိုကဲ့သို့နောင်မဖြစ်စေရန် ဆရာဝန်ဖြစ်ရမည်၊အသက်များကိုကယ်တင်မည်၊ဆရာဝန်ဘ၀တွင်လည်း၊စေတနာ၊မေတ္တာ၊မုဒိတာဟူသောစိတ်ကောင်းထားရှိရန်သာ
အဓိကဖြစ်ကြောင်းခံယူလျက်ဆရာဝန်ဖြစ်အောင်ကြိုးစားမည်ဟုဆုံးဖြတ်ချက်ချခဲ့သည်။ကိုသက်ခိုင်ဆရာဝန်ဖြစ်လိုသော
စိတ်မှာ ပကတိ လူသားတို့ ၏အသက်ကိုအမှတ်တကယ်ကယ်တင်လိုခြင်းဖြစ်ပြီး၊ ကြွးဝါလိုသော၊မော်ကြွားလိုသောစိတ်ဖြင့် မဟုတ်ဟူ၍နားလည်ထားသင့်ပါသည်။
ကိုသက်ခိုင် ( ၉ )တန်းရောက်သည်နှင့် အမ က ရန်ကုန်ရှိအကိုထံပို့လိုက်သည်.။မနက်( ၂း၃၀ )အချိန်လောက်မှစပြီး အကိုမောင်းနေသောကုန်စိမ်းသယ်သည့်ကားတွင် စပယ်ယာလိုက်လုပ်ရပါသည်။မနက်( ၆ )နာရီဆိုလျင် နားရပြီ။
ရေချိုး၊ထမင်းကြမ်းဖြစ်သလိုစားပြီးကျောင်းတက်ခဲ့သည်။ညဘက် လမ်းဓါတ်တိုင်အောက်တွင် ( ၁၀ )နာရီမှစ
စာဖတ်၊စာမှတ်၊စာလေ့ကျင့်ခြင်းစသည် ကျောင်းသင်္ခမ်းစာများလုပ်ရသည်။ဒီလိုနှင့်( ၁၀ )တန်းအောင်ပြီး
ဆေးတက္ကသိုလ်တက်ရောက်ခွင့်ရခဲ့သည်။ကျူရှင်တက်ရန်စိတ်ပင်မကူးရဲ။ကျောင်းမှာသင်သောစာမှားကို သင်ရိုးညွှန်းတမ်းအကုန်ရေး၍ဖတ်သည်။မှတ်သည်။နားမလည်သောစာကို ဆရာ/ဆရာမ အိမ်သို့တိုင်လိုက်ပြီး
မေးပါသည်။
ဆရာ/ဆရာမအိမ်တွင် ခြံရှင်း၊အမှိုက်လှဲ၊တောက်တိုမယ်ရအလုပ်များကိုအလိုက်တသိလုပ်ပေးသည်။ကိုသက်ခိုင်ဘ၀တွင် သူ၏ခွန်အားကိုပေး၍ သာလျင်ကျေးဇူးတင်ကြောင်းသက်သေပြနိုင်မည်ဖြစ်ပါသည်။ထိုစေတနာမှန်ကြောင့်ပင်ဆရာ/ဆရာမ များ၏ဘာသာရပ်များ ကိုလွယ်ကူစွာဖြေဆိုနိုင်ခဲ့သည်။ဂုဏ်ထူး(အင်္ဂလိပ်စာ) ဘာသာရပ်တစ်ခုသာပါသော်လည်း ဆေးကျောင်းဝင်ခွင့်အမှတ်မှီပါသည်။ဘာသာရပ်အားလုံးဂုဏ်ထူးမှတ်နှင့် နီးကပ်သည်။ကိုသက်ခိုင်ဘ၀တွင် သူငယ်ချင်းမရှိပါ။ချို့တဲ့ခြင်းနှင့်အလုပ်ပြီးသည်နင့်ကျောင်းစာကိုလုပ်နေသည့်အတွက်၊သူငယ်ချင်းများနှင့်မုံ့စားရန်ပိုက်ဆံမရှိ၊မုံ့ဆိုင်ထိုင်ရန်အချိန်မပို၊
သူငယ်ချင်းမရှိသောဘ၀တွင် ဘယ်ကိုမှလည်ပတ်ရန်မလို၊အချိန်အလာဟသဖြစ်ရန်အကြောင်းမရှိ။ ကိုသက်ခိုင်သည်ရည်ရွယ်ချက်မြင့်မားသည့်အတွက်၊သူလုပ်သောအလုပ်တိုင်းကိုလည်းအသေးအမွှားမှအစ၊စနစ်တကျဆောင်ရွက်သည်။
အလယ်တန်းကျောင်းသားဘ၀တွင် စန္ဒမုနိဘုရားကျောင်းဝင်းရှိ ၊ ခရေပင်ကြီးများသည်.ကိုသက်ခိုင်၏စာလေ့ကျင့်သောဘူမိနက်သန်နေရာဖြစ်ပါသည်။ဆေးတက္ကသိုလ်တွင် ငွေကြေးတတ်နိုင်သူ
တို့က နိုင်ငံခြားမှလူရုပ်ကြီးကိုမှာယူခြင်း၊၀ယ်ယူခြင်းဖြင့် လေ့လာကြသော်လည်း၊ကိုသက်ခိုင်အနေဖြင့် တကယ့်လူသေကောင်ကိုကိုင်တွယ်လေ့ကျင့်ခဲ့ရသည်။သည့်အတွက် ဆရာဝန်ဘ၀တွင် ရောဂါကိုဆန်းစစ်ရာ၌ ပို၍တိကျမှန်ကန်သောအဖြေကိုပေးနိုင်ခဲ့သည်။
ကိုသက်ခိုင်ဘ၀တွင် အချိန်သည်အလွန်တန်ဘိုးရှိလှ၏၊အခြေခံလူတန်းစားတို့၏ နှလုံးသားထဲသို့တိုင်ဝင်ရောက်ခဲ့လျက်၊နှလုံးလှဆရာဝန်ဖြစ်ပါသည်။
သူ၏ရည်ရွယ်ချက်အတိုင်း၊မြန်မာနိုင်ငံမြောက်ဖျားဒေသနှင့်ဝေးလံခေါင်းပါးသောဒေသ၊ချို့တဲ့သောကျေးရွာများသို့တိုင်
လူနာများနှင့်တသားထဲနေထိုင်လျက်သွားရောက်ဆေးကုသပေးသည်။
ကိုသက်ခိုင်ကိုလူနာများကလည်းရိုသေ၏၊လေးစားကြ၏၊အားကိုးကြ၏၊မြတ်နိုးကြ၏၊လူနာများသည်ကိုသက်ခိုင်၏ဘ၀ဖြစ်သကဲ့သို့
ကိုသက်ခိုင်သည်လည်းလူနာများ၏ဘ၀ပင်ဖြစ်ပါသည်။သူ၏အနားယူချိန်သည်လူနာများ၏ရောဂါအကြောင်းကိုစဉ်းစားရန်အချိန်ပင်ဖြစ်ပါသည်။
ကိုသက်ခိုင်သည်ဆေးရုံမှပေးထားသောကားမှလွဲ၍ ကိုယ်ပိုင်ကားမရှိ၊ဘဏ်စာအုပ်မရှိ၊သို့သော်သူ၏ဆရာဝန်သုံးကိရိယာများ၊စာအုပ်များလူနာမှတ်တမ်းများကတော့ အခန်းတစ်ခုနှင့် သီးခြားထားရသည်။ဘယ်အချိန်ကြည့် ကြည့် ဆရာ၏မျက်နှာတွင်မေတ္တာစိတ်ကြောင့်မြင်သူတိုင်းရင်တွင်အေးချမ်းလှသည်။သူတပါးကိုမည်သို့ကူညီခွင့်ပေးနိုင်မည်လဲ၊
စိတ်အေးချမ်းအောင်မည်သို့ဆောင်ရွက်ပေးနိုင်မည်လဲ၊စသည်ဖြင့် သူတပါးကောင်းကျိုးအတွက်ကိုသာလျင်စဉ်းစားခဲ့သည်။
တနေ့ တွင် ဆရာနေသောအိမ်၏ကြမ်းခင်းပြင်ရန်ငွေလိုသည်။ဘယ်သူ့ ကိုမှသူမပြော။ကျမသာလျင်နားစွန်နားဖျားကြား၍လက်သမားဆရာအားကုန်ကျငွေကိုမေးကြည့် ရာ၊
တစ်သောင်းခွဲမျှသာကုန်မည်ဖြစ်ကြောင်းသိရ၏၊ကိုသက်ခိုင်တွင်ထိုငွေလောက်ပင်မရှိ။လခထုတ်မှပြင်မည်ဟု လက်သမားကိုပြောထားကြောင်းသိရသည်။ထိုရက်အတွင်းထိုကြမ်းခင်းကိုသတိဖြင့်နင်းမည်ဟုပြော၏။
သူ့ ကိုကူညီလျင်လဲ လက်ခံမည်မဟုတ်၊လက်သမားဆရာကိုသာညှိနှိုင်းလျက်ပြင်ပေးလိုက်ရန်ပြောကြားရပါသည်။ကျမ က ထိုငွေကိုစိုက်ပေးလိုက်သည့်သဘောပင်။
တနေ့တွင် ကိုသက်ခိုင်က ကျမအား၊ခုလိုလုပ်ပေးသည်ကိုကျေးဇူးတင်ပါကြောင်း သို့ ရာတွင် လူတိုင်းသည်ကိုယ့်အခက်အခဲနှင့်ကိုယ်ဖြစ်ကြပြီးလျင်၊မည်သူ့ ကိုမှဝန်ထုပ်ဝန်ပိုးမဖြစ်စေလိုကြောင်း၊ပြောကြားကာသူ၏အိပ်ဆောင်နာရီလေးအားအမှတ်တရပေးပါသည်။
ကျမဘ၀တွင် ဆရာဝန်ပီသသော၊နှလုံးသားအလွန်ဖြူစင်ရိုးသားသော၊တည်ငြိမ်၍ခန့်ငြားသော၊ဒေါတ်တာကိုသက်ခိုင်ကို
ယခုထက်တိုင်လေးစားလျက်၊သူ့အားစံနမူနာထား၍၊စိတ်ထားမြင့်မြတ်သောသူဘ၀အဖြစ်နေထိုင်ကြိုးစားလျက်ရှိပါသည်။
( ၅ / ၄/၂၀၁၃ ) တွင် ကျမလေးစားသော၊သူကုသပေးဘူးသောလူနာတိုင်း၏လေးစားခြင်းကိုခံယူခဲ့သောဒေါက်တာကိုသက်ခိုင်ဆုံးခဲ့သည်မှာ ( ၇ ) နှစ်တင်းတင်းရှိပါပြီ။ အဆုပ်ကင်ဆာဖြင့်ဆုံးခဲ့ပါသည်
ကျမယခုခံစားကုသနေရသောနှလုံးယောင်ခြင်းကို လွန်ခဲ့သော( ၆ )နှစ်ကပင်သူကပြောကြားခဲ့ပြီးဖြစ်ပါသည်။
မေတ္တာတရားအားကိုးကွယ်သူ၊လူသားများ၏အသက်ကိုတန်ဘိုးထားသူ၊စေတနာ၊မုဒိတာ၊ဂရုဏာများဖြင့်လူနာများ၏
နှလုံးသားအားနွေးထွေးစေသောသူ၊အမိအဖတိုင်း၏သားကောင်းရတနာဖြစ်သောသူ၊ ဆရာဒေါက်တာသက်ခိုင်အားဤစာစဉ်ဖြင့် ဦးထိပ်ပန်းဆင်ကန်တော့အပ်ပါသည်။

  ခင်မိုးညို