Monday, April 22, 2013

အလွမ်းများဝေးစေသတည်း







အလွမ်းများဝေးစေသတည်း
22- 4- 2013 ရက် တနင်္လာ နေ့ဖြစ်သောဤ ရက်တွင် ရုံးဌာနဆိုင်ရာအသီးသီးနှင့်အသင်းအဖွဲ့အစည်းများ၊ကုမ္ပဏီများ၊စသည်တို့သည် ပြန်လည်၍ လုပ်ငန်းခွင်များကို ၀င်ရောက်လုက်ကိုင်နေကြပြီ။သင်္ကြန်ရက်လွန်မြောက်၍ အမိ၊အဖ ဆွေမျိုးများကို ထား၍ ဝေးသောမြေသို့ပြန်လည်ထွက်ခွာကာအလုပ်ပြန်လုပ်ကြရပြီ။ အကြောင်းအကျိုး၊အကောင်းအဆိုးကိုပိုင်းခြားကြလျက်၊သင့်၊မသင့် နှင့်ဆုံးဖြတ်ကာ အမိမြေ၊ မွေးရပ်မြေ တို့ ကိုချန်ထားရစ်ကာဝမ်းစာအရေး ဘ၀အတွက်ရှေ့ရှူလှမ်းကာသွားကြရလေပြီ။
ဤနေရာတွင် ကျန်ရစ်သူမိသားစုမှသတိရလွမ်းရမည်ကိုသိသော်လည်း မတားနိုင်။ ထွက်ခွါသူမှမခွဲလို၊မထားရစ်လိုသော်လည်း
မသွားဘဲနေလို့မဖြစ်၊ဆန္ဒကို မျက်ကွယ်ပြုလျက် ဘ၀ကို မျက်မြင်ပြုရသောအခြေနေပင်ဖြစ်ပါသည်။
ကျမ သည်ဤအကြောင်းတရားကို နှလုံးသည်းပွတ်သို့တိုင်၊ရင်နှင့်အမျှ ခံစားခဲ့ရဘူးပါသည်။
အလွန်ပင်ပူလောင်ပါသည်။အလွမ်း၏နောက်တွင်၊တသခြင်း၊ဆွေးခြင်း၊မောပန်းခြင်းဟူသည့် အကျိုးဆက်တို့ကို ဆက်လက်ခံစားခဲ့ရသည်။ဘ၀တွင် အမိနှင့်အဖ၊တစ်ယောက်သောသူကို တန်ဖိုးအထားဆုံးနှင့် အမြတ်နိုးဆုံးဖြစ်ပါသည်။သူတို့နှင့်ခွဲခွါနေရချိန်များတွင် လောက၏အပြင်ဘက်သို့ရောက်ရှိနေသလားဟူ၍ပင်သတ်မှတ်မိသည်။
အမှန်စင်စစ် မိမိမြတ်နိုးသောသူများကိုလွမ်းနေစဉ်ခဏ၊ထဲထဲဝင်ဝင်စဉ်းစားမိသောအခါ၊သူတို့သည်
လွမ်းခြင်းကိုမနှစ်သက်ကြဘဲ
ဘ၀ကို ဘ၀နှင့်ယှဉ်သောအသိတရား၊ အဓိပ္ပါယ်ရှိသောလုပ်ဆောင်ချက်များကိုနှစ်သက်ကြကြောင်းကိုစဉ်းစားမိလာသည်။
ထိုအသိစိတ်ကိုအခြေခံ၍ ၊ဆရာတော်များ၏ဆုံးမစကားများ၊တရားတော်များ၊အနှစ်ရှိသောစာများကိုဖတ်ဖြစ်ပါသည်။
ထိုအခါ၊ထိုအချိန်တွင် ( မေတ္တာစိတ်ဖြင့်ယှဉ်သောသတိရခြင်း)ကို ပြမူဆောင်ရွက်ဖြစ်ပါသည်။ထိုစဉ်ခဏ အလွန်အေးချမ်းသော
ခံစားမူကိုသိရှိလိုက်သောအခါတွင်မေတ္တာ၏အကျိုးအာနိသင်မှာအလွန်အေးချမ်းငြိမ်သက်ကြောင်း၊ဘ၀တွင်မေတ္တာတရားသည်သာလျင်ထိုသူအချင်းချင်းဆက်နွယ်နေကြပါက၊မိမိဝန်းကျင်သာမက၀န်းကျင်အသီးသီးသို့တိုင်ကူးစက်လျက်မည်မျှအေးချမ်းကြမည်နည်းဟူ၍တွေးမိသည်၊ခံစားမိသည်။ကျမဘ၀တွင် သင်္ကြန်နှင့်ပတ်သက်၍ တခါဘူးမျှ ရေမကစားဘူးပါ။ထိုနည်းတူမလည်ဘူးပါ။အမိနှင့်အတူစစ်ကိုင်းသို့သာသွားနေကျဖြစ်ပါသည်။ယခုလည်း မိခင် မရှိတော့သည့်တိုင် စစိကိုင်းသို့ရောက်နေကျပင်ဖြစ်ပါသည်။ညနေခင်းတွင် မြစ်ကမ်းပါးတလျှောက်လမ်းလျောက်ဖြစ်သည်။
တဘက်ကမ်းရှိ မန္တလေးတောင်၊ ရွှေကြက်ယက်ရွှေကြက်ကျဘုရား၊မြစ်ရေတကြောတွင် (ငှက်) သမ္ဗန်တစ်စင်းစ။နစ်စင်းစ
စုန်ဆန်ကူးခပ်နေပုံများကိုလှမ်း၍ကြည့်ဖြစ်သည်။

မြစ်လေတသုန်သုန်တိုက်ခတ်ခြင်းနှင့်အတူမြင်ရာမြင်ရာများကို ကြည့်မိစဉ်သောကများကင်းဝေးကြပါစေဟုမေတ္တာစိတ်ဖြစ်မိ၏။ထို့အတူ မိမိဘ၀၏တန်ဘိုးထားသောသူကိုလည်း အမိမှသား၊နှမမှမောင်အပေါ်ထားသည့် နေကောင်းပါစေသောကကင်းပါစေ၊ဘေးအန္တရယ်ကင်းပါစေဟု
ကိလေသာကင်းသောမေတ္တာစိတ်နည်းဖြင့်ပို့သဖြစ်၏။ ထိုအခါယခင်ကလွမ်း၍ပူလောင်သောခံစားမူများကင်းစင်လျက်၊အေးချမ်းသောစိတ်ဖြင့်သာဖြစ်တည်ကျန်ရစ်၏။
လှမ်းသည့်ခြေလှမ်းတိုင်းခြေလှမ်းတိုင်းတွင် အနိစ္စ၏မမြဲခြင်းဒုက္ခ၏ဆင်းရဲခြင်းအနတ္တ၏အစိုးမရသောအသိကို မှတ်ယူလျက်မေတ္တာဖြန့်ဝေကာနေလာသောအခါကာလတွင် အလွမ်းများသည် နောက်ဝယ်နောက်ဝယ်၌ ဝေးလျက်ဝေးလျက်ကျန်ခဲ့ပါတော့သည်။
လူသားအားလုံး အလွမ်းများဝေးစေသတည်း။
မေတ္တာရည်လျက်
 ခင်မိုးညို