Wednesday, April 24, 2013

ဤလက်တစ်စုံ

 ဤလက်တစ်စုံ

 မနေ့ညက ကျန်းမာရေးအနည်းငယ်ချို့ငဲ့ပါသည် ။ ထုံးစံအတိုင်း ရာသီဥတု၏အခြေအနေအရသော်လည်းကောင်း ၊ အလုပ်တာဝန် အခြေအနေအရသော်လည်းကောင်း ပထ၀ီ ၊တေဇော ၊အာဘော ၊ ၀ါယော ဟူသည့် ဓါတ်ကြီးလေးပါး
အကြောင်းမညီညွတ်သောအခါ ဦးစွာ ကျန်းမာရေးကအနှူတ်လက္ခဏာပြလာပါသည်။
ကျမ်းမာရေးအနှူတ်လက္ခဏာပြရာမှ အပေါင်းလက္ခဏာပြန်လည်ဖြစ်စေရန်အတွက်၊ ဆရာဝန်ကိုအကူညီလှမ်းတောင်းရပါသည်။ဆေးခန်း၊ ဆေးရုံသို့သွားရန်အဆင်မပြေပါ။ အကြောင်းမှာ ထိုအချိန်တွင် မိမိကိုယ်တိုင်ကားမောင်းရန်အတွက် လုံးဝမသင့်လျှော်သောအခြေအနေဖြစ်ပါသည်။ဆရာဝန်မှ လိုအပ်သည့်ကုသချက်များကို
အစဉ်တစိုက်ဆောင်ရွက်ပြီးသောအခါ ၊ ကျမ နှင့်စကားပြောဖြစ်ပါသည်။
   ကျမနှင့်စကားပြောလိုသည်ဟု မကြာခဏပြောဘူးပါသည်။ ကျမ ကိုယ်တိုင်လည်းအချိန်ပိုမရှိ၊ ကျမအိမ်တွင်ရှိလျင် ဆရာကမအားပါ။သူနှင့်ကျမ အခြေအနေသည် သူ မအားလျင် ကျမအား၍ ကျမ မအားလျင်သူအားသည်ဟုပြောရပါမည် ။
မနေ့ကတော့ စကားပြောရန်အတွက် အခြေအနေကဖြစ်လာသည်။ကျမ နေမကောင်းခြင်းသည် တနည်းအားဖြင့်ကောင်းသလိုလိုဟုပြောရတော့မည်။
   ဆရာဝန် မလာမီ ၀င်လေထွက်လေကိုအမှတ်အသိဖြင့်နားနေလိုက်သည်။နေ့စဉ်ဆောင်ရွက်သောကုသိုလ်များဖြစ်သည့်
သံဃာတော်များအားတန်းဆွမ်းလောင်းခြင်း၊ဘုရားဝတ်ပြုခြင်းကုသိုလ်၊(၈)ပါးသီလကိုမေတ္တာစိတ်ဖြင့်ယှဉ်သော(၉)ပါးသီလ
 ဆောက်တည်သောကုသိုလ်၊ အမိအဖ အသက်ရှင်စဉ်ကာလ၌ သမီးတစ်ယောက်အနေဖြင့် ဆန်ရေပမာ ပြုစုယုယလျက်
ဒါန၊သီလ၊ဘာဝနာအားထုတ်နိုင်ရန် အရိပ်ပမာစောင်မကြည့်ရှူသောကုသိုလ်..စသည်ဖြင့် ၀တ္တရားဆောင်ရွက်ခဲ့ဖြင်းများကို
သတိရနေခဲ့သည်။ကုသိုလ်စိတ်၊အကုသိုလ်စိတ် များကိုဆင်ခြင်လျက် ဆရာဝန်ကိုစောင့်နေခဲ့ပါသည်။
  ထိုအချိန်သေခဲ့လျင်သေပါစေတော့၊အေးချမ်းသောစိတ်ကြောင့် နှလုံးကြည်လင်ကာမိမိသည်ကံပေးသည့်အတိုင်းနေပါမည်ဟုစိတ်ကိုပိုင်းဖြတ်ထားလိုက်သည်။
  ဆရာဝန်မှာ ဆေးကုသမူ့ပြီးစီးသောအခါ  မြစ်ကြီးနားတွင်တာဝန်ကျစဉ်ကသူ့အား ဆေးရုံအုပ်မှပြောခဲ့သောစကားကို
ကျမအားပြောပြခဲ့သည်။ ထိုစဉ်က သူတာဝန်ယူရသောလူနာသေဆုံးခဲ့သည်။ ဆင်းရဲ့ချို့တဲ့သဖြင့် အခါလွန်မှဆေးရုံသို့
ရောက်လာပြီးသူ့အားသားသဖွယ်ချစ်ခင်ရှာသည့်အဖွားအြိုဖစ်ပါသည်။သူကိုယ်တိုင်လဲအထူးဂရုစိုက်ခဲ့သည်။သို့သော်သေးဆုံးခဲ့သည်။သေဆုံးသည့်နေ့၊ရက်၊နာရီ အမည်ကို လူနာရှင်များရှေ့တွင်သူကိုယ်တိုင်ကျေငြာခဲ့ရသည်။
   ပြီးသည်နှင့် အခန်းထဲမှပြေးထွက်ခဲ့ပြီး၊အပြင် ထောင့်တနေရာရှိ။တန်းလျားတွင်ထိုင်နေစဉ်၊ဆေးရုံအုပ်ရောက်လာကာ
သူ့အား မွေးကင်းစခလေးများထားရာ ခလေးများခန်းသို့ခေါ်သွားပြီးပြခဲ့သည်။ ထှိုနောက် ကုလားတိုင်တွင်ပေးထိုင်ကာ...သေဆုံးခြင်းအတွက်စိတ်မကောင်းဖြစ်ကြသော်လည်း ၊ယခုကဲ့သို့စိတ်ဓါတ်ကိုဖရိုမရဲမဖြစ်စေဘဲ တည်ငြိမ်စွာဖြင့်နေတတ်ရမည်၊ဆရာဝန်တစ် ယောက်အနေဖြင့် သေဆုံးတိုင်းကိုသာယခုလိုခံစားနေမည်ဆိုလျင် နောင်လာမည့်တာဝန်များကိုမည်သို့ထမ်းရွက်မည်ကိုစဉ်းစားသင့်ကြောင်း ၊ သေဆုံးခြင်းအတွက်ခံစားရသလို ယခုမြင်နေရသော ကလေးများ၏အသက်ရှင်သန်ရေးကိုလည်းခံစားရမည်ဖြစ်ကြောင်း။
 သေဆုံးခြင်းနှင့်မွေးဖွားခြင်းမှတ်တိုင်နှစ်ခုကြားတွင် ဆရာဝန်တစ်ဦးအနေဖြင့် သေဆုံးခြင်းမှကယ်တင်ရန်နှင့် ရှင်သန်နေသာသူများကောင်းစွာဆက်လက်ရှင်သန်ရန်လည်းတာဝန်ရှိကြောင်း၊ထို့ကြောင့် မြင်နေရသောခလေးများ၏
အသက်ရှင်သန်ရေးအတွက် ကြိုးစားဆောင်ရွက်ရမည်ဖြစ်ကြောင်း ..စသည်ဖြင့် ပြောကြားဆုံးမခဲ့ရာ.မိမိတွင် တာဝန်တွေ၇ှိပါသေးလားဟူသည့်အသိဝင်ရောက်ခဲ့ကြောင်းကို...ကျမအားပြောပြခဲ့ပါသည်။
   ဆရာ၏စကားများကို နားထောင်ပြီးသည်နှင့် ဆရာတို့၏လက်တစ်စုံတွင် တစ်ဖက်သည် အသက်ကိုကယ်တင်ရန်ကြိုးပမ်းရမည်ဖြစ်ပြီး၊ အခြားတဖက်သည်အသက်ရှင်သန်ရန်အတွက်ကြိုးပမ်းကြရမည်ဖြစ်ကြောင်းကျမခံစားလိုက်မိပါသည်။
ဆရာဝန်များသာမက မိမိတို့၏လက်အစုံသည် အားနဲသူအားထွေးပွေ့လျက်၊ နှစ်သိမ့်ပေးကာ ၊နိုင်စွမ်းသမျှသောဒါနနှင့်
အနှိုင်းမဲ့ငြိမ်းချမ်းအေးမြစေသောမေတ္တာတရားများဖြင့် အသက်ရှင်နေစဉ်ကာလတွင်အဆုံးမဲ့မြတ်နိုးခြင်းဖြင့်တည်တန့်ပါစေကြောင်းဆန္ဒပြုအပ်ပါသည်။
အနှိုင်းမဲ့မေတ္တာနှင့် အဆုံးမဲ့မြတ်နိုးခြင်း
 မေတ္တာရည်လျက်
 ခင်မိုးညို