Monday, April 29, 2013

နှလုံးသားအနှစ်



မြန်အောင်မြို့ပိုင် ရွာတစ်ရွာတွင် အသက်(၇၀)ကျော် ( ၈၀ )နီးပါး ကျန်းမာရေးအသင့်အတင့်ကောင်းမွန်သော ဇနီးမောင်နှံ ရှိပါသည်။ အကြီးဆုံးသားဖြစ်သူနှင့်ဒုတိယအကြီး၊တတိယအကြီးဆုံးဖြစ်သူသမီးနှစ်ယောက်မှာ အသီးသီး အိမ်ထောင်ရှင်များဖြစ်ပြီး ပြည်တွင်း၌မိမိကိုယ်ပိုင်လုပ်ငန်း၊မိရိုးဖလာတောင်သူအလုပ်ကို
လုပ်ကိုင်ကြပါသည်။ နို့ညှာနှင့် အငယ်ဆုံးသားဖြစ်သူတို့မှာ ပြည်ပ၌အသက်မွေးဝမ်းကျောင်းပြုလျက် မိဘ၏ရင်ခွင်၌ပင်ရှိသေး၏။ ကိုယ့်အိုးကိုယ့်အိမ်နှင့်နေကြ၍ မိဘအပါးတွင် သားသမီးများရှိမနေနိုင်။ တရွာတည်းနေထိုင်သူများက နေ့လည်နေ့ခင်း၊သို့တည်းမဟုတ် ညနေညခင်း အချိန်များတွင် ခဏတဖြုတ်သာ
မိအိုနှင်ဖအိုထံ ရောက်လာနိုင်ကြပြီးလျင်၊သားအကြီးဆုံးမှာတနယ်တွင်နေထိုင်သဖြင့်တရံတခါမျှသာ
လာရောက်နိုင်၏ ။ တိုင်းတပါးတွင်အလုပ်လုပ်နေကြသောသားနှစ်ဦးသည်လည်း တနှစ်လျင်တစ်ကြိမ်မျှလောက်
မိဘထံပြန်လာနိုင်ကြ၏ ။ပြန်လာလိုသော်လည်း ငွေကြေးအနည်းအများ၏မျက်နှာကို မိဘထက်ပို၍ ကြည့်နေရသေးဖြင့် ပြန်မလာနိုင်။ စီးပွါးရေးအခြေအနေပေါ်မူတည်၍ လာလိုသော်လည်းမလာနိုင်။
မပြန်လိုသော်လည်းပြန်ရကြကုန်၏ ။
  ထိုအချိန်အခါတွင် ကိုင်းကိုကျွန်းမှီ၍၊ ကျွန်းကို ကိုင်းမှီသော ဘ၀မှာ အမေအို အဖေအို ၏ဘ၀ ဖြစ်ပါသည်။
အိမ်တွင်းအိမ်မူကိစ္စအ၀၀ကိုအမေအိုကလုပ်ဆောင်လျက် ပြင်ပကိစ္စနှင့်ခြံလုပ်ငန်းကိုအဖေအိုကလုပ်ဆောင်သည်။
သားသမီးများစုံစုံလင်လင်နှင့်နေထိုင်ကြချိန်တွင် သူတို့၏နှလုံးအိမ်ဝယ် ကြည်နူးသာယာလျက် စိတ်အစဉ်သည်မည်မျှပေါ့ပါးပျော်ရွှင်နေလိမ့်မည်နည်း။ သားသမီးများအတွက် စာနာနားလည်ပေးသောစိတ်၊
သားတို့၏မျက်နှာကိုမြင်ရုံဖြင့် အေးချမ်းလှသောစိတ်၊ အချိန်တန်လျင် ဤအိမ်တွင် ဤ မိအိုဖအိုသာ ကျန်ရစ်ခဲ့လျက် မေတ္တာပို့သခြင်းဖြင့်သောကကို ချိုးနှိမ်နေရသောစိတ်တို့သည်၊ နွေ၊မိုး၊ဆောင်း ဥတုရာသီ၏ပြောင်းလဲနေခြင်းနှင့်အတူ ခံစားနေရဘိ၏။  သို့သော် ထိုအမိအဖ တို့သည်.အချိန်ရသမျှကာလတွင် ဘာဝနာအားထုတ်ကြကုန်၏။ သီလဖြင့်နေထိုင်ကြကုန်၏။ရိုးစားဖြူစင်သောဘ၀ဖြင့် ရပ်တည်ကြကုန်၏။ကံအကြောင်းတရားကို ယုံကြည်သက်ဝင်ကြကုန်၏ ။
   မိဘတို့သည် အသက်ကြီးလာကြသောအခါ သားသမီးတို့နှင့် အေးအတူပူအမျှနေထိုင်လိုကြပါသည်။
ကိုင်းသောခါး၊ ထိုင်းလာသောနား ၊ ၀ါးလာသောအမြင်အာရုံ တို့တွင်  မိမိသားသမီးတို့၏ တွဲသောလက် ညွှန်ပြသောစကား၊ များသည် မိဘတိုင်း၏နှလုံးသားခွန်အားဖြစ်ပါသည်။
 သားသမီးတို့သည် မိဘများမှအမန်တကယ်လိုလားသောတောင့်တချက်ကို သိရှိနိုင်ရန်အထူးလိုအပ်ပါသည်။
မိဘတို့ကမူ သားသမီးတို့၏တဦးချင်းစီ၌ရှိသောစိတ်ဓါတ် ၊ ဆန္ဒကို သိနိုင်ကြကုန်၏ ၊ မိဘများအတွက်
ပြုစုစောင့်ရှောက်ရန် စီးပွါးရေးအရ ဆောင်ရွက်နေကြသော သားသမိးတို့သည် မိဘ၏ကျန်းမာရေးအသက်အရွယ်ကို စဉ်ဆက်မပြတ်သတိပြုနေသင့်ပါသည်။
ကံစီမံရာဆိုသော်လည်း မိမိ၏အားနဲချက်ကို ဖုံးကွယ်သည့်သဘောတော့ မဖြစ်သင့်ပေ.။
  အမိအို၊ အဖအို တို့သည် မည်မျှစားနိုင်၊၀တ်နိုင်၊သွားနိုင်ပါအံ့နည်း၊ မိမိတို့နေထိုင်ခဲ့ရာအိမ်လေးတွင်
ဆိုးတူကောင်းဖက်အကျိုးတူရုန်းလျက် သားသမီးတို့၏မျက်နှာကို  လောဘကင်းမဲ့သောစိတ်ဖြင့် ကြည့်ကာ၊
နံနက် အိပ်ယာထ နံနက်၊နေ့လည် ည ထမင်းတစ်ဝိုင်းတည်းအတူစားကြလျက် ၊ 
( ငါ့နားမှာင့ါသားသမီးတွေရှိတယ်.. သူတို့ငါတို့ ကို တိုးတိုးကျယ်ကျယ်စကားပြောကြလိမ့်မယ်..ငါ့ တို့ကိုလက်တွဲဖေးမကြလိမ့်မယ်.. ) ဆိုသည့်အတွေးကို ခံစားချင်ကြသည်၊တောင့်တကြသည်။
   မိဖတို့ ၏အမှန်တောင့်တသော အထူးသဖြင့် အသက်ကြီးလာသောအမိအဖတို့သည် သားသမီးတို့အားမိမိတို့အားအ၇ိပ်အောက်ဝယ်ရှိနေစေလိုသောဆန္ဒသည် အနှစ်တကာ၏အနှစ်ဖြစ်၏။
     ကျမ ဤအကြောင်းတရား၊အထူးသဖြင့် အမိအဖအကြောင်းကို ထဲထဲဝင်ဝင်ရေးသည်မှာ ကျမသည်
 အမိအဖကိုအလွန်ချစ်၏ ၊မြတ်နိုး၏၊  တန်ဘိုးထား၏ ။သို့သော်ကျမတွင်မိဖ မ၇ှိတော့ပါ။
ထိုကြောင့် တန်ဖိုးကိုပိုသိပါသည်။မိဘများအိမ်ဦးခန်းတွင် ထိုင်နေသည်မျှလောက်နှင့်ပင် ထိုအိမ်သည်အလွန်မင်္ဂလာရှိ၍ ကျက်သရေနှင့်ပြီးပြည့်စုံပါသည်။မိဖလက်ဝယ်ရှိနေသောသူတို့သည် ကျမထက်များစွာကုသိုလ်ကံကောင်းကြပါသည်။ ကုသိုလ်ကံကောင်း၍မိဖနှင့်အတူနေကြရခိုက်တွင် 
မိဖတို့အတွက် အနှစ်တကာ၏အနှစ်ကို သိမြင်၊ခံစားစေလိုပါသည်။
      နှလုံးသားဟူသောအနှစ်ကိုဖွင့်လျက် ဥဏျောက်ဟူသောအကာကို နိုင်စွမ်းသရွေ့ထိန်းသိမ်းကာ
မိဘ၏ရင်ခွင်ကို ခေါင်းတိုးဝှေ့နိုင်ကြပါစေဟူ၍ ခံစားသိစေအပ်ပါသည်။
အနှိုင်းမဲ့မေတ္တာနှင့် အဆုံးမဲ့မြတ်နိုးခြင်း
 မေတ္တာရည်လျက်
ခင်မိုးညို