အထက်ပါဓါတ်ပုံကို ကျမမြင်တွေ့ပြီးသည်နောက်၊ နှလုံးသားတစ်ခုလုံး လှူပ်ခပ်ကာ ၀မ်းသာခြင်း ၊ ၀မ်းနဲခြင်းကိုတပြိုင်နက်ခံစားလိုက်ရပါသည်။ ၀မ်းသာခြင်းမှာ အသက်( ၇၀ ) ကျော်( ၈၀ )နီးနေသည်တိုင် တနည်းအားဖြင့်နေ၀င်ချိန်နီးသည့်တိုင် ကြင်နာမူ၊နွေးထွေးမူများဖြင့် နှလုံးသားဝန်းကျင်တခိုတွင် သိပ်သည်းပြည့်စုံလျက် အိမ်ဦးခန်း၌ ထမင်းလက်ဆုံစားနေကြသည်ကိုမြင်ရ၍ ဖြစ်ပါသည်။
ဝမ်းနဲခြင်းမှာ ကျမ၏မိဘနှစ်ပါးသည် ကျမသိတတ်ချိန်မှစ၍ အထက်ပါ ကဲ့သို့ထမင်းလက်ဆုံစားဘို့ရန်မဆိုထားနှင့်၊ အပြုံးဖြင့်ကြည့်နေကြသည်မျိုးကို တရံတဆစ်သော်မှ မမြင်ခဲ့ရ၍ဖြစ်ပါသည်။
ကျမဘ၀တွင် ထိုကဲ့သို့ဓါတ်ပုံမျိုးလေးသော်မှ တင်ပြရန်မရှိပါ။ကျမ၏မိဘနှစ်ပါးသည်
ကျမတို့မောင်နှမ (၃ )ယောက် အပေါ်တွင် ဆုံးမသွန်သင်ခဲ့သည်မှာ ၊ ပညာဒီဂရီတစ်ခုကိုအဆင့်မြင့်မြင့်ပိုင်ဆိုင်ရန်၊ရိုးသားစွာဖြင့်နေထိုင်ရန်၊ ကျေးဇူးတရားကို သိနားလည်ပြီးလူကြီးသူမကို ရိုသေကိုင်းရှိုင်းရန်၊စသည်ဖြင့် လူကောင်းဖြစ်စေနိုင်သော လူ့ကျင့်ဝတ်များကို
ကောင်းမွန်စွာ သင်ကြားပြသဆုံးမခဲ့ပါသည်။ မိသားစုတွင် စား၊၀တ်နေရေး၊ပညာရေး တို့ ကိုအဖက်ဖက်မှ
လိုလေသေးမရှိ စီမံဆောင်ရွက်ပေးခဲ့သည်။သို့အတွက် ပတ်ဝန်းကျင်၊၀န်းကျင်အသိုင်းအ၀န်းတွင်၊ ကျမတို့မိသားစုကို အလွန်အားရနှစ်ထောင်းကျေနပ်ကြကုန်၏။ ကျောင်သူဘ၀ဖြစ်စဉ်ကာလ၌သော်လည်းကောင်း၊ ရုံးတာဝန်ထမ်းဆောင်စဉ်ကာလ၌ သော်လည်းကောင်း ၊ အစအစအရာအရာ၊ပြည့်စုံအောင် စီမံဆောင်ရွက်ပေးခဲ့ကြ၏။ အဆိုပါကဲ့သို့ သာမန်အားဖြင့် လူသားတို့ တောင့်တအပ်သောရုပ်ဝတ္ထုများဖြင့်
ပြီးပြည့်စုံသော ကျမဘ၀တွင် ကျမ အမှန်တကယ်တောင့်တခဲ့သည်မှာ အဆိုပါရုပ်ဝတ္ထုများမဟုတ်ပါ။ ဘုရားသွားကျောင်းတက် မိဘနှစ်ပါး၏လက်ကိုတဖက်တချက် ဆွဲ၍လည်းကောင်း၊ ထမင်းဝိုင်းတွင် အမိနှင့်
အဖကို တလှည့်စီ စားဦးစားဖျားဦးချ၍လည်းကောင်း၊ အနားယူသည့် အချိန်တွင် အမေနှင့်အဖေ၏ပြုံးကြည်ရွှင်ပြသောမျက်နှာကို တလှည့်စီကြည့်၍လည်းကောင်း၊ ဆိုးတူကောင်းဖက်ဆွေးနွေးတိုင်ပင်ကြလျက် ၊နွေးထွေးသောမိသားစုဘ၀ကို မြင်ချင်တွေ့ချင် ခံစားချင်ဆုံးသော
တောင့်တမူဖြစ်ပါသည်။
လူတစ်ဦးတစ်ယောက်၏စိတ်ဓါတ်ကြံ့ခိုင်ရန်အခြေခံအကြောင်းတရားသည်နွေးထွေးသောမိသားစု ဘ၀နှင့် အများဆုံးသက်ဆိုင်ပါသည်။မည်သူမဆို နေထိုင်မကောင်း၍ ကျန်းမာရေးချို့ယွင်းလာသည့်အခါ မိမိ မိသားစု၏နွေးထွေးခြင်းကိုတမ်းတကြသည်။ စားကောင်းသောက်ဖွယ်များကို စားသောက်ရလျင် မိမိ၏မိဘဆွေမျိုးနှင့်ရင်းနှီးကျွမ်းဝင်သူကို သတိရကြသည်။ လောကဇတ်ခုံတွင်ကြုံရဆုံရ စနစ်ပေါင်းစုံ မူမှန်သမျှကို ရင်ဆိုင်တွေ့ကြုံလေတိုင်း မိမိဘ၀၏နွေးထွေးသောရင်ခွင်ကို တမ်းတ၊သတိရ၊ လွမ်းမိသည်။
ထိုအချိန်အခါကာလတွင် အိမ်သို့ပြန်သော်လည်းနေရန်အိမ်မရှိသကဲ့သို့၊ နွေးထွေးမူ့ရှိသော မိသားစု ဘ၀ မရှိသော ဘ၀အခြေအနေတွင်၊ ရုပ်ဝတ္ထုမည်မျှပြည့်စုံနေပါစေ ၊ နွေးထွေးသောစကား၊နွေးထွေးသောကမ်းလင့်သည့်လက်တစ်စုံ၊မကြားရ ၊မကိုင်ရသည့်အတွက် စိတ်၏ခွန်အားများ၊ သတ္တိများသည် ဘယ်ဆီသို့ရောက်၍ ဘယ်ကမ်းတွင်ခိုနေလေသည်ကိုပင်မသိနိုင်တော့ပါ ။
ထိုကြောင့် ရုပ်ဝတ္တုပြည့်စုံသည်မပြည့်စုံသည်ဆိုသည်မှာမိမိ၏ပြုခဲ့သောဒါနအလျှောက်ခံစားရမည်ဖြစ်ပါသည်။
အထက်တွင် ဖေါ်ပြခဲ့သည့် နွေးထွေးသောဘ၀ထက် မည်သည့်အကြောင်းတရားသည် လူနှလုံးသားကို နွေးထွေးစေနိုင်ပါအံ့နည်း ။
ဆရာ့ မိဘနှစ်ပါးအားလေးစားချစ်ခင်မြတ်နိုးစွာဖြင့်ကန်တော့အပ်ပါသည်။
အနှိုးင်းမဲ့မေတ္တာနှင့် အဆုံးမဲ့မြတ်နိုးခြင်း
မေတ္တာရည်လျက်
ခင်မိုးညို

