Tuesday, June 25, 2013

လင်းလုပြီ..သို့သော် မှောင်ရိပ်မပြယ်

လင်းလုပြီ..သို့သော် မှောင်ရိပ်မပြယ်
    မိမိဘ၀တွင်လူမှန်းသိတတ်ခါစမှယခုအရွယ်ထိ ၊ ရည်ရွယ်ချက်တစ်ခုတည်းသာရှိခဲ့သည်။စာရေးသူဘ၀ဖြင့်ရပ်တည်လိုခြင်းပင်ဖြစ်ပါသည်။စာရေးဆရာတော့မဟုတ်ပါ။
မိမိ၏အရည်အချင်းသည် ( ဆရာ )တစ်ယောက်အနေအထားမပြည့်မီနိုင်ကြောင်း၊သိ၍ဖြစ်ပါသည်။
   သည်လိုနှင့် မိမိ၏ကြိုးစား၊အားထုတ်မူ၊ကံ၏ချပေးလိုက်သောအနေအထား၊နှစ်မျိုးပေါင်းစည်းလျက်၊
ဘ၀တွင်အဆင်ပြေလျင်ကြည်နူးလိုက်၊အဆင်မပြေလျင်အားငယ်လိုက်(သို့မဟုတ်)ဒေါသဖြစ်လိုက်၊နှင့်နေထိုင်လာခဲ့
သည်။ မိမိဘ၀၏အမြတ်နိုးဆုံးနှင့်အချစ်ဆုံး၊လေးစားယုံကြည်ဆုံးဖြစ်ကြကုန်သောအမိနှင့်အဖကို.မိမိသည်ရည်မှန်းသည့်ကာလထက်စောစွာ
လမ်းခွဲခဲ့ရသည်။ယူ၍လည်းမရ..၊ကြုံး၍လည်းမရ.ယူကြုံးမရသောခံစားမူ့ကိုနှစ်ရှည်လများ.ယနေ့တိုင်ခံစားနေရပါသည်။
   ဆွေမျိုးနည်းရသည့်အထဲ ၊ ရှိနေသည့်ဆွေမျိုးများကလည်း အကြောင်းမရှိလျင်စကားပင်ခပ်ဟဟ မပြောဖြစ်။
နေကောင်းလား၊ထမင်းစားပြီးပြီလား.ဆိုသည့်နှူတ်ဆက်စကားကိုပင် အပိုစကားဟုခံယူထားကြသောသူများဖြစ်ကြသောအခါ.၊ တစ်ဦးတစ်ယောက်တည်း နေထိုင်ရသည့်ဘ၀ကို ကြာလေကြာလေ..ခုံမင်တွယ်တာလေဖြစ်လာသည်။ဤသို့ဆိုလျင်
မိမိဖြစ်လိုသောစာရေးသူဘ၀ကို ပိုင်ဆိုင်နိုင်ကောင်း၏ဟု..၊အဆိုးထဲမှအကောင်းကိုတွေးမိသည်။
   ရုံးသွားအိမ်ပြန်စာဖတ်၊ဘာသာရေးကိစ္စဆောင်ရွက်ဖြင့် ဘ၀ကိုဖြတ်သန်းလာခဲ့သည်။
ရွေ့လျှားနေသောအချိန်တိုင်းတွင်၊ရုပ်ဝတ္ထုသည့်ပျက်စီးနေခြင်းဖြစ်ရာ..။လှည်းအိုတစ်စီးအားကြိုးဖြင့်ဆိုင်းထားသကဲ့သို့
ထိုဆိုင်းထားသောကြိုးပြတ်သွားသည်နှင့်လှည်းသည်လည်းတစ်စစီ၊ တစ်စစီဖြစ်သွားမည်ကိုသိနေ၏။ထိုသိခြင်း၏နောက်တွင်ဘာတွေကို ပြင်ဆင်ထားရမည်လဲ၊နှလုံးသွင်းထားရမည်လဲ
ဟူသည့် အသိတရားကိုလည်းဆင်ခြင်မိ၏။
 ယခုရောက်နေသည့်အချိန်မှကျန်ခဲ့ပြီးသောအချိန်ကာလတစ်ခုကိုလှည့်ကြည့်လိုက်လျင်၊မနေ့တနေ့ကလောက်မျှ
ထင်မိသည်။သို့ဆိုပါလျင် နောင်နောင်လာမည့်ကာလသည်လည်းအဘယ်မျှကြာပါအုံးမည်နည်း..။
 စာရေးခြင်းဖြင့်နေ၀င်ချိန်ကိုစောင့်စားမည်..၊လောကကိုကောင်းကျိုးများဆောင်ရွက်လျက်နေ၀င်ချိန်ကိုစောင့်စားမည်။
သံသရာတွင်ကျင်လည်ရလျင်လည်းအမိနှင့် အဖ၊ကျေးဇူးကိုနားလည်စွာဖြင့်ကျေးဇူးဆပ်လျက် နေ၀င်ချိန်ကိုစောင့်စားမည်။လူတစ်ဦးနှင့်တစ်ဦးပေါင်းသင်းဆက်ဆံကြ
ရာတွင်ဝန်ထုပ်ဝန်ပိုးမဖြစ်စေသောစိတ်ဖြင့်ရပ်တည်လျက်နေ၀င်ချိန်ကိုစောင့်စားမည်..။
 တံခါးမခေါက်ဘဲဝင်လာတတ်သောသူ..၊တံခါးခေါက်၍လည်းဝင်လာတတ်သောသူ..။ထိုသူသည်..နေ့နေ့ညည.
အချိန်ကာလမရွေးဝင်ရောက်လာလျက်သူနှင့်အတူအိမ်ရှင်ကိုပါခေါ်ဆောင်ထွက်သွားသည်။ထိုအိမ်ရှင်သည်ဧည့်သည်
ခေါ်ရာနောက်သို့.ညှင်သာစွာဖြင့်လိုလားနှစ်သက်စွာလိုက်သွားနိုင်ရန်ပြင်ဆင်ထားရမည်။
ထိုအကြောင်းတရားများကို၊အစဉ်စားလျက်လောဘ၊ဒေါသ၊မောဟမီးများကိုငြိမ်းသတ်လျက်ရှိရာရုပ်တရား၏ပျက်စီးခြင်း
ကို ဆင်ခြင်မိသည်။သည့်အတွက် လူ့ဘ၀၏ညအမှောင်များကိုသိလာပြီးသည်နောက်တနည်းအားဖြင့်အကာနှင့်အနှစ်ကိုပိုင်းခြားသိပြီးသည်နောက်
နံနက်ခင်းရောက်လုအလင်းကိုစမြင်ရသကဲ့သို့..တရားအနှစ်ကိုသိလာရပါပြီ..လင်းလုပါပြီ..။
သို့သော်ပုထုဇဉ်ဘ၀၏အမှောင်ရိ့်ပ်အချို့ကမူ..ကျန်ရှိနေသေးသည့်အတွက် မှောင်ရိ့ပ်မပြယ်သေးပါ..။
လင်းလုပါပြီ......သို့သော်မှောင်ရိပ်မပြယ်..။
အလင်းရောင်လုံးဝသိစေနိုင်ရန်ဆက်လက်ကြိုးစားပါမည်။
ခင်မိုးညို