Thursday, July 11, 2013

မိုးနှင့်မြေသို့..ဖေနှင့်မေ


                                                     မိုးနှင့်မြေသို့..ဖေနှင့်မေ
မိုးနှင့်မြေသို့..ဖေနှင့်မေ........ ဟူသည့် ခေါင်းစဉ်လေးအားမြင်လိုက်သည်နှင့်၊ပြာလွင်သောမိုးကောင်းကင်နှင့်စိမ်းစိုသောသစ်ပင်၊တောင်တန်းစသည်တို့နှင့်အတူ၊စားရေး၊၀တ်ရေး၊နေရေး..တို့ကိုရှာဖွေစီမံပေးနေကြသောအဖနှင့် အမိတို့၏
ကြင်နာသောမျက်နှာတို့ကိုပြေး၍မြင်ယောင်ကြပေလိမ့်မည်..။ထိုသို့မြင်နိုင်သော၊မြင်နိုင်ရန်အတွက်လည်း..ကျေးဇူးတရားများစွာနှင့်ပြည့်ဝအပ်ပေသော၊မိခင်ဖခင်တို့ကိုရိုသေမြတ်ခြင်းအားဖြင့်..
အထက်ပါခေါင်းစဉ်လေးအားရေးသားအမည်ပေးရခြင်းဖြစ်ပါသည်။
 ထမင်းတဆုပ်၊ရေတမှုတ်မျှကိုပင်ဒါန ပြုဘူးသောသူအားဘ၀၏ကျေးဇူးရှင်ဟူ၍သတ်မှတ်ပါသည်။
အမိဝမ်း၌ သန္ဓေတည်သည့်အချိန်မှစ၍၊ လူလားမြောက်ချိန်ကာလအထိ၊စားချင်ပါလျက်၊မိမိသား
(သို့မဟုတ် )သမီးပူမည်စိုးသောစိတ်၊ချွဲသလိပ်ထမည်စိုးသောစိတ်၊ကျန်းမာရေးထိခိုက်မည်စိုးသော
စိတ်များစွာနှင့်မစားသင့်ပါဘူးဟုတွေးဆကာ၊ဖြူမည်၊မဲမည်၊ဖွံ့မည်၊ညှက်မည်၊လှမည်၊ရု့ပ်ဆိုးမည်
သော်မှမသိရမမြင်ရသေးသောသားသမီးကို မဟာဂရုဏာမေတ္တာဖြင့်၊အစားအသောက်အနေအထိုင်မှစ၍
ဆင်ခြင်နေထိုင်စားသောက်ခဲ့ကြပါသည်။
ပညာသင်ကြားနိုင်သောအရွယ်ရောက်လာသည့်အချိန်တွင်လည်း၊စီးပွားရေးပြည့်စုံသောမိသားစု၏
ပညာသင်ကြားရေးကို မဆိုလိုပါ။ချို့တဲ့သောမိသားစု၊ထမင်းတနပ်ကိုအဆင်ပြေအောင်အားခဲ၍ရုန်းနေကြ
ရသောမိသားစုတွင်၊ မဖြစ်ဖြစ်သည့်နည်းနှင့်မိမိခလေးကိုလက်ဆွဲ၍ကျောင်းစာသင်ခန်းသို့အရောက်ပို့ပေး
ကြပါသည်။ကျောင်းထမင်းချိုင့်ကိုအဆင်ပြေအောင်ထည့်ပေးလိုက်ချိန်၌ အိမ်ရှိထမင်းဟင်းအိုးများသည်
ပြောင်တလင်းခါလျက်ဘာမှမကျန်ခဲ့တော့။ထိုသို့ဘာမှမကျန်ခဲ့သော်လည်းမိဘ၏ရင်ဝယ်( ငါ့သားလေး/
သမီးလေးစာသင်နေရတယ်..၊ခုချိန်ဆိုရင် ထမင်းစားနေလောက်ပြီ ) ဟူသောအတွေးသည်၊
ကျန်ရစ်နေသောမေတ္တာနှင့်စေတနာပီတိတို့ဖြင့်ခွန်အားသည့်ပြည့်လျက်ရှိဘိ၏။
 ပညာပြည့်စုံ၍နောက်ဆုံး၊အိုးအိမ်ထူထောင်ကာသူတို့ဘ၀အေးချမ်းသာယာနေကြချိန်၌၊ ကျေးဇူးသိတတ်၊
သိနားလည်သောသားသမီးတို့မှပြည်လည်၍ ၊ကျေးဇူးပြုလျင်သာဓုခေါ်ကြလျက်၊မသိတတ်သောသားသမီးများ
နှင့်ကြုံကြရပါလျင်လည်း၊သူတို့ဘ၀လေးစိုပြေအဆင်ပြေနေသည်ကိုမြင်နေရပင်လျင်မိဘရင်ဝယ်အေးချမ်းလှပါဘိ၏။မိဘတိုင်း၊မိဘတိုင်းသည်..၊အချိန်၏ပြောင်းလဲခြင်းနှင့်အတူသားသမီးများ၏လိုအပ်ချက်၊လိုအပ်သည့်
အရာများကိုဘ၀နှင့်ရင်း၍တပြေးညီဖြည့်ဆည်းပေးအပ်ချိန်တွင်မိဘတိုင်း၏ဆန္ဒသည်(ငါ့သားလေး/
သမီးလေးမျက်နှာမငယ်ရအောင်၊အားမငယ်ရအောင်၊အဆင်ပြေအောင်)ဟူသည့်ခံစားချက်သာလျင်
ဖြစ်ကြကာ၊ဘာဆို၊ဘာကိုမှ၊ဘာမှရကောင်းစေဟုမမြှော်လင့်ခဲ့ကြပါ။နောက်ဆုံးမလိမ်မာသော၊မိုက်မဲသော
သားသမီးများနှင့်ကြုံရလျင်သော်မှ၊အပြစ်မယူ၊ဗွေမယူဘဲတချိန်မှာတော့သိလာမှာပါဘဲလေဟူ၍၊ခွင့်လွှတ်သော
မေတ္တာစိတ်ဖြင့်နားလည်ပေးဆပ်ခဲ့ကြသည်။
 ထို့ကြောင့် မိုးကောင်းကင်မှ သက်ရှိများအတွက်အချိန်ကာလအလျှောက်၊မြစ်ချောင်းအင်းအိုင်
သမုဒ္ဒရာများရေရရှိရန်၊ နှင်းရည်ပြည့်ဝရန် တည့်တန့်စွာဆောင်ရွက်ပေးကာ၊မြေပြင်မှလည်းမိုးကောင်းကင်မှ
သက်ရောက်လာသောမိုးရေ..၊နှင်းရည် များကိုခံယူလျက် အကောင်းအဆိုးဟူသမျှကိုလက်ခံကာမိမိမြေပေါ်ရှိ
အရာများရှင်သန်ပေါက်ဖွားလျက်ကြီးပွါးတိုးတက်စေရန် ၊အချိန်၏ပြောင်းလဲခြင်းနှင့်အတူတပြေးညီဖြည့်
ဆည်းပေးအပ်လျက်ရှိပါသည်။
သို့ ဖြစ်ပါ၍  အဖနှင့်တူသောမိုးကောင်းကင်၊အမိနှင့်တူသောမြေ၊ဟု ခံစားသိမြင်ယုံကြည်သောစိတ်ဖြင့်
မိုးနှင့်မြေသို့..ဖေနှင့်မေ........ဟူသောဤ  စာစဉ်စုလေး ကို မိဘတိုင်းအားရိုသေမြတ်နိးသောစိတ်ကိုရင်၌
ကိန်းဝပ်ကာ ကန်တော့ပန်းဆင်အပ်ပါသည်။
သံသရာတွင်ခရီးဆက်ရပါလျင်.အမိနှင့်အဖအားကျေးဇူးဆပ်နိုင်ခွင့်ရှိသောသမီးဖြစ်ရပါလို၏။
အနှိုင်းမဲ့မေတ္တာအဆုံးမဲ့မြတ်နိုးခြင်းဖြင့်
မေတ္တာရည်လျက်
ခင်မိုးညို
( သက်ရောက်တော့မည့်ကျေးဇူးရှင်ဆရာဟိန်းတင့်ဇော်၏မွေးနေ့အားဤ စာဖြင့်တင်ကြိုကန်တော့အပ်ပါသည်။)