Tuesday, July 1, 2014

မျှဝေစံစား၍ .......

 ရှင်မဟာရဋ္ဌသာရ ၏ဆုံးမစာများ
(၁) သေတူရှင်ဖက် ၊ဆောင်ရွက်မကင်း၊အချင်းချင်းတွင်၊ အခင်းကြီးငယ်၊
ရှိခါဝယ်လည်း၊မဖယ်မသွေ၊ညီညာကုန်း၍၊ရုံးကြလေ ..။

(၂)တစ်ယောက်စကား၊တစ်ယောက်နားမှ၊မခါးရအောင်၊သတိဆောင်၍
မောင်တို့ ဆိုလေ ၊ပျားသကာသို့ချိုလှစေ ..။
 

(၃) မတွေ့ခိုက်ရန်၊မကျူးလွန်နှင့် ၊မျက်မာန်ဒေါသ၊မထွက်ရအောင်၊
မာန်မာန ကိုချုပ်ကြလေ..။
 

(၄)ကိုယ်နှင့်လည်းစာ၊သတ္တဝါကို၊ကြင်နာလှစေ၊သူ့အသက်ကို ၊ချစ်ပါလေ..။
 

(၅)သူ၏စီပွား၊ငါ့စီးပွားကို၊ထောက်ထားမိစေ၊ကြီးလောဘကို ၊မျှတစေ..။
 

(၆)ဟုတ်သောအကြံ၊မှန်သောအကျင့်၊သင့်သောအယူ၊ဖြူသောနှလုံး၊သူတော်ထုံးကို၊
စွဲသုံးသောထွေ၊ မှန်လှစေ ..။
 

(၇)မှတ်ဖွယ်ရာရာ ၊ ထိုထိုစာကို ၊ ရှာ၍မပြက် ၊ အိမ်တွင်ဖက် ..။
 

(၈)အစ်ကိုကြီးအား ၊ ညီငယ်များလည်း ၊ စကားနှုတ်သက် ၊ ဖက်၍မဆို ၊ ရိုသေလှစေ ၊
ကိုကြီးအမ ၊ သည်နှစ်ဝကို ၊ မိဘကဲ့သို့ မှတ်ပါလေ..။

             အနားယူချိန်လေးမှာ    ရှင်မဟာရဋ္ဌသာရ ၏ဆုံးမစာများ ကို ဖတ်ဖြစ်ပါတယ်။ ဆုံးမစာအတိုင်းလိုက်နာဆောင်ရွက်နိုင်ခဲ့ရင်မိမိနဲ့တကွ မိမိဝန်းကျင်အတွက်ကောင်းကျိုးပေးသလို၊သည့်ထက်သည့်ထက်ပို၍ပို၍မိမိရွာ၊မြို့၊နိုင်ငံ၊တိုင်းပြည်၊ကမ္ဘာအထိ
ကောင်းကျိုးတရားတွေ ပေးကြပါလိမ့်မယ်..လို့စဉ်းစားပါတယ်။မိမိတကိုယ်စာကောင်းဘို့လောက်မစဉ်းစားကြဘဲ
အားလုံးသောသူတွေအတွက်ပါထည့်ဝင်စဉ်းစားဆောင်ရွက်ခြင်းဖြင့်ကျင့်သုံးနေထိုင်ကြမယ်ဆိုရင်အတွေး
နဲ့တောင်..ကြည်နူးစရာကောင်းလှပါတယ်...။ဆုံးမစာကို (၁ ) ချက်ချင်းရေးသားမယ်လို့စဉ်းစားပြီး
(၁) သေတူရှင်ဖက် ၊ဆောင်ရွက်မကင်း၊အချင်းချင်းတွင်၊ အခင်းကြီးငယ်၊
ရှိခါဝယ်လည်း၊မဖယ်မသွေ၊ညီညာကုန်း၍၊ရုံးကြလေ ..။..ကို ဦးစွာရေးသားပါ့မယ်။   မျှဝေစံစား၍ .....ဟူ၍အမည်ပေးပါမည်။

     ကျမ ဇာတိကထားဝယ် တပ်ရင်း( ၆ ) ဖြစ်ပါတယ်။အစိုးရ၀န်ထမ်းသဘာဝနယ်လှည့်အစုံမို့၊ အမအကြီးဆုံးကို ပြည်မြို့ မှာမွေးပြီး အကိုဖြစ်တဲ့ကိုကို့ကို ရန်ကုန်စစ်ရုံးချူ ပ် မှာမွေးပါတယ်။ကျမကတော့
ပြောပြထားတဲ့အတိုင်းထားဝယ်မှာမွေးဖွားပါတယ်။သိတတ်ခါစကစပြီးရဲဘော်တွေရဲ့ဝန်းကျင်မှာကျင်လည်ခဲ့သလို ၊သူတို့ဘ၀ကိုလဲ နားလည်သလို၊နားမလည်သလို၊သိသလို၊မသိသလိုနဲ့ပေါ့။
       တနည်းအားဖြင့် ဖေဖေနဲ့ကျမက မိသားစုထဲမှာ အရင်းနှီးဆုံးဖြစ်ပါတယ်။ဖေဖေအနေနဲ့ ရဲဘော်တွေနဲ့တသားတည်းနေဖြစ်တာများတော့ဖေဖေအနားအနေများတဲ့ ကျမလဲ ရဲဘော်တွေနဲ့တသားတည်းနေဖြစ်တာများပါတယ်။ဒီနေရာမှာ ဖေဖေ့ ကို အဖေမို့ချစ်တာနဲ့ လေးစားတာတခြားစီဆိုတာကိုပြောပြချင်တာပါဘဲ..။လေးစားတာက..ရဲဘော်တွေကို

ဖေဖေကသားလို၊သူငယ်ချင်းလို၊မိဖလိုဆက်ဆံခြင်းကိုတွေ့မြင်နေရလို့ဖြစ်ပါတယ်။ဖေဖေက ဖေဖေ့ရဲဘော်တွေကို
သားလိုချစ်တယ်။သူငယ်ချင်းလိုရင်းနှီးကျွမ်းဝင်တယ်၊မိဖလို လေးလေးစားစားဂရုတစိုက်ဆက်ဆံတယ်။.....
ရဲဘော်တွေကလဲချစ်ကြတယ်။ဖေဖေသူတို့ကိုဆက်ဆံတဲ့ပုံစံအတိုင်း၊ အဖေလို၊သူငယ်ချင်းလို၊ယုံကြည်လေးစားအားကိုးသူလိုဖေဖေ့ ကိုပြန်ပြီးဆက်ဆံကြတယ်။
 မှတ်မိပါတယ်။ထမင်းစားတဲ့စားပွဲကအရှည်ကြီးဘဲ။ဖေဖေကထိပ်ဆုံးမှာထိုင်ပြီးရဲဘော်တွေနဲ့အတူညီတူမျှတူလက်ရေတပြင်စီးစားကြတယ်။
 အဲဒီထမင်းဝိုင်းကနေပြီး ရဲဘော်တွေရဲ့အခက်ခဲတွေ၊လူမူရေးပြဿ      နာတွေ ၊မိသားစုအရေးအခင်းတွေကို
သိရှိရပြီး ကြည်နူးစရာ၊ပျော်စရာတွေကို အတူ အားလုံးသိရ၊ခံစားကြရတယ်။အခက်ခဲတွေကိုလဲ ၀ိုင်းဝန်းပြီး
နွေးနွေးထွေးထွေးနဲ့ဖြေရှင်းခဲ့ကြတယ်။ဒါဟာလူမူရေးကိစ္စအတွက်ဖြစ်ပါတယ်။
 ဒီထမင်းဝိုင်းကအခြေခံပြီးရရှိထားတဲ့စည်းလုံးညီညွတ်မူတွေနဲ့တိုက်ပွဲတွေကိုလဲအောင်နိုင်ခဲ့တယ်။တကိုယ်
ကောင်းစိတ်မရှိကြတဲ့အတွက် မိသားစုစိတ်ဓါတ်အခြေတည်ပြီးကောင်းကျိုးတွေကိဝေငှ၊အခက်ခဲတွေကို
မျှဝေဖြေ၇ှင်းခဲ့ကြတယ်။
  တနေရာစီ၊ တမိသားစုဆီက လာကြတဲ့သူတွေဖြစ်ကြလို့သူစိမ်းတွေလို့ထင်ကြရပေမဲ့တကယ်တော့ ဒီမြေနဲ့ဒီရေ မှာနေထိုင်စားသောက်ကြတယ်၊ဒီလောကကိုမိမိတို့ရဲ့နိုင်စွမ်းသောညာဏအား၊ကာယအားတွေနဲ့အကျိုးပြုနေကြတဲ့
အတွက် သူစိမ်းတွေမဟုတ်ဘဲ၊မိသားစုပါဘဲ။ကိုယ့်အရေးသူ့အရေးလို့မခွဲခြားကြဘဲ အားလုံးအရေးပါဘဲဆိုတာကို ဖေဖေက ရဲဘော်တွေကို အမြဲပြောပြလေ့ရှိပါတယ်။ဖေဖေနဲ့ဖေဖေ့ရဲဘော်တွေသည်
  သေတူရှင်ဖက် ၊ဆောင်ရွက်မကင်း၊အချင်းချင်းတွင်၊ အခင်းကြီးငယ်၊
ရှိခါဝယ်လည်း၊မဖယ်မသွေ၊ညီညာကုန်း၍၊ရုံးကြလေ ..။ဆုံးမစာကဲ့သို့နေထိုင်သွားကြတဲ့အတွက် အဲဒီကာလမှာနေခဲ့တဲ့ကျမရဲ့ဘ၀တစ်စိပ်တဒေသသည်လည်းအလွန်ဘဲ ကြည်နူးပါတယ်။

ထို့အတူဖေဖေနဲ့ရဲဘော်တွေကိုချစ်ခင်လေးစားတန်ဖိုးထားပါတယ်။
  စည်းလုံးရမယ်၊ညီညွတ်ရမယ်။ဒါမှခွန်အားတွေရရှိမှာဖြစ်ပါတယ်။
သေတူရှင်ဖက်၊ ဆောင်ရွက်မကင်း၊အချင်းချင်းတွင်၊ အခင်းကြီးငယ်၊ ရှိခါဝယ်လည်း ၊ မဖယ်မသွေ၊ ညီညာကုန်း၍၊ရုံးကြလေ.........အားလုံးသောသူတိုင်းသူတိုင်းကောင်းကျိုးဆိုးကျိုးကိုမျှဝေစံစား၊ခံစားကြလျက်
လောက၏ကောင်းကျိုးကို ဆောင်ရွက်နိုင်ကြသော.၊သူများ ဖြစ်ကြပါစေဟု ဆန္ဒ ပြုအပ်ပါသည်။
မေတ္တာရည်လျက်
ခင်မိုးညို
မှတ်ချက် ။  ။  ဆုံးမစာ ( ၂ ) ..မှ ( ၈ )  အား ဆက်လက်၍အခါအားလျှော်စွာေ၇းသားပါမည်